ကရင်ပြည်နယ် ဘုရားသုံးဆူဒေသမှ ထိုင်းနယ်စပ်ဖြတ်ကျော်မှုကို ယနေ့နံနက်ပိုင်းမှစတင်ပြီး မြန်မာဘက်က ပိတ်လိုက်သော်လည်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ခြင်း မတွေ့ရကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ အသွားအလာများ ပိတ်လိုက်သောကြောင့် နှစ်နိုင်ငံကို ဖြတ်ကျော်သွားလာနေရသည့် မော်တော်ယာဥ်များနှင့် ဆိုင်ကယ်များအားလုံး ယနေ့တွင် အတက်အဆင်းပြုလုပ်၍ မရတော့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “ရပ်ကွက် ၁ ကျောင်းအပေါက်ဂိတ်ကစပြီး ထိုင်းဘက်ကို အမြဲတမ်း ဝင်ထွက်နေတဲ့နေရာ မလွယ်ပေါက်တိုင်းကို လုံခြုံရေးစစ်သားတွေချပြီးတော့ ပိတ်ထားတယ်၊ ရဲစခန်းဘေးအနီးက ကြံတောသွားတဲ့ ပတ်လမ်းတွေ DKBA ယူနီဖောင်းတွေအပြည့်နဲ့ စောင့်နေတယ် ထိုင်းဘက်ကို လုံးဝ ပေးမထွက်ဘူး” ဟု ပြောသည်။
ထိုင်းဘက်အခြမ်းရှိ မြန်မာပြည်သားများအား ဘုရားသုံးဆူဘက်သို့ ပြန်ဝင်ခွင့်ပြုသော်လည်း ထိုင်းဘက်သို့ ထွက်ခွာသွားသည့် မြန်မာနိုင်ငံသားများကိုမူ သွားခွင့်မပြုပေ။
၄င်းက ဆက်လက်၍ “ထိုင်းဘက်ကနေ ဒီဘက်ကိုဝင်လာလို့ရတယ် ဒါပေမယ့် ပေးပြန်မထွက်ပါဘူး၊ မြန်မာအလုပ်သမားတွေကအစ ဒီမနက်မှာ ထိုင်းဘက်ကူးလို့ မရတော့ဘူး၊ မနက်က သောကြာနေ့စျေးလည်း လူမရှိတော့ မနက် ၈ နာရီလောက်မှာ ပိတ်လိုက်ကြတယ်” ဟု ဆိုသည်။
ဘုရားသုံးဆူဒေသ ပြန်လည်စည်ကားလာစေရန် ရည်ရွယ်၍ ထိုင်းစစ်တပ်အရာရှိကြီးများက ပြီးခဲ့သည့်အပတ်တွင် သောကြာနေ့စျေးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု ဆိုသည်။
Photo; Social Media