ကန်ချနပူရီပြည်နယ် စံခလပူရီ-ထောင်ဖာပွန်မြို့တို့ကို ဆက်သွယ်ထားသော အမှတ် 323 လမ်းမကြီးပေါ်တွင် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာခရီးသွားလာနိုင်ရေးအတွက် ဘုရားသုံးဆူတွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြပွဲတရပ် ကျင်းပခဲ့သည်။
အဆိုပါ အမှတ် 323 လမ်းမကြီးပေါ်တွင် ယခုအခါ ကွန်တိန်နာကုန်တင်ယာဥ်ကြီးများ ဥဒဟိုသွားလာနေသဖြင့် ယာဥ်မတော်တဆဖြစ်မှုများ နေ့စဥ်ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ထိုင်းနိုင်ငံရေးပါတီများ၊ ရွာသား ၆၀ ခန့်တို့က ပစ်ကပ်ထရပ်ကား ၄၀ စီးနှင့်အတူ ထိုင်းနယ်မြေ ဘုရားသုံးဆူဘက်အခြမ်း၌ စီတန်းလှည့်လည်ဆန္ဒပြခဲ့ပြီး ဒေသခံအာဏာပိုင်များထံ တောင်းဆိုချက်ကို ပေးအပ်လိုက်သည်။
အမှတ် 323 လမ်းမကြီးသည် ခရိုင် ၃ ခု၊ ရွာပေါင်း ၂၀ မှ ဒေသခံများ အသုံးပြုနေကြသည့် တစ်ခုတည်းသော လမ်းမဖြစ်ကြောင်း၊ အသွားအပြန်ယာဥ်ကြောနှစ်ခုသာရှိပြီး တောင်စောင်းများရှိနေသဖြင့် အန္တရယ်အလွန်များပြားကြောင်း၊ ယခုအခါ ကြီးမားသော ကုန်တင်ယာဥ်ကြီးများ သွားလာနေသောကြောင့် ဝန်အလေးချိန်ကို မထမ်းနိုင်သဖြင့် လမ်းများပျက်စီးသွားရကြောင်း၊ ယာဥ်မတော်တဆဖြစ်မှုများ နေ့စဥ်ကြုံတွေ့လာရပြီး ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း၊ အရေးပေါ် လူနာတင်ယာဥ်များ အချိန်မီပြေးဆွဲ၍ မရနိုင်တော့ကြောင်း စသည်ဖြင့် ပိုစတာ၊ ဗီနိုင်ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။
ထို့ပြင် စံခလပူရီသည် ခရီးသွားလုပ်ငန်းများဖြင့် စည်းကားနေသောမြို့ဖြစ်နေပြီး လက်ရှိတွင် အဆိုပါ ကုန်တင်ကားများပြဿနာကြောင့် ခရီးသွားလုပ်ငန်းများ အကြီးအကျယ်ထိခိုက်လာရကြောင်း၊ ယာဥ်များမတော်တဆဖြစ်နေမှုကြောင့် လမ်းခရီးဘေးကင်းလုံခြုံမှုမရှိတော့သဖြင့် ဟိုတယ်အခန်းများ ကြိုတင်မှာယူမှုများကို ဖျက်သိမ်းရသည့်အထိ ဖြစ်ပေါ်လာရကြောင်း သိရသည်။
အဆိုပါ တောင်းဆိုချက်များကို ဒေသခံအာဏာပိုင်များဖြစ်ကြသော မြို့ပိုင်ရုံး၊ စစ်တပ်နှင့် အကောက်ခွန်ဌာနအရာရှိထံ ဆန္ဒပြခေါင်းဆောင်များက ပေးအပ်လိုက်သည်။
ယခုအခါ အမှတ် 323 လမ်းမပေါ်၌ သောကြာ-စနေ-တနင်္ဂနွေနေ့အပါအဝင် အစိုးရရုံးပိတ်ရက်များတွင် ၁၈ ဘီးထရပ်ကားများ မောင်းနှင်ခြင်းမပြုရန် ထိုင်းအာဏာပိုင် တားမြစ်ထားသည်။
ထိုင်းမြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မြဝတီအာရှလမ်းမ၌ ယခုအခါ မော်တော်ယာဥ်များသွားလာမရတော့သဖြင့် စံခလပူရီမြို့နယ်အတွင်းရှိ ဘုရားသုံးဆူနယ်စပ် ဖြတ်ကျော်ဂိတ်မှတဆင့် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ကုန်ပစ္စည်းများကို အပြန်အလှန်တင်သွင်း လာခဲ့သည်။
Photo; ကန်ချနပူရီသတင်း