မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် ဒရုန်း ( ၆၂) ခုနှင့် ဆက်စပ်ပစ္စည်းများအား မဲဆောက်မြို့အနီးတွင် ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အနီးရှိ၊ ဟွေ့ယားဥကျရွာအုပ်စု၊ ဟွေးဟိုကျေးရွာ-ရွာအမှတ် (၁၀) အနီးတွင် ထိုင်းအာဏာပိုင်များမှ လုံခြုံရေးစစ်ဆေးမှုများလုပ်ဆောင်နေစဉ်၊ ပစ်ကပ်ထရပ်ကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာမှ ထို ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်ဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုပစ်ကပ်ထရပ်ကားပေါ်မှ မောင်းသူမဲ့ ဝေဟင်ယာဉ် (ဒရုန်း) UAV အမှတ်တံဆိပ် X-UAV မော်ဒယ် Talon အစီး (၆၀) ၊ မောင်းသူမဲ့ လေယာဉ်သုံးစီး (ဒရုန်း) DJI Mavic ( ၂) စီး၊ DJI ဘက္ထရီ (၃၅) လုံး နှင့် UAV မော်တာ (၄၆ ) လုံး တို့အား ထိုင်းအာဏာပိုင်များမှ တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ထို ဒရုန်းများ နှင့် ဆက်စပ်ပစ္စည်းများမှာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်သည်ဟု ထို ပစ်ကပ်ထရပ်ကားမောင်းနှင်လာသူ၏ ထွက်ဆိုချက်ကို ကိုးကားပြီး ထိုင်းအာဏာပိုင်များက ဆိုသည်။