မာရှယ်လောအထုတ်ခံထားသည့် ရေးမြို့ပေါ်အတွင်း ညစဉ်လိုလို သူခိုးများသောင်းကျန်းနေပြီး သာသနိကအဆောက်အဦများနှင့် နေအိမ်များ သူခိုးခိုးခံနေရသော်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အရေးယူဆောင်ရွက်ပေးမှု မရှိကြောင်း သိရသည်။
မြို့မီးလင်းရေးကော်မတီက စက်သုံးဆီအခက်အခဲကြောင့် ည ၁၀ နာရီအထိသာ လျှပ်စစ်မီးပေးသည့်ရက် နောက်ပိုင်း သူခိုးများ ပိုမိုသောင်းကျန်းလာပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြတိုင်ကြားခဲ့သော်လည်း
အရေးယူဆောင်ရွက်ပေးမှုမရှိကြောင်း ဒေသခံများက ပြောကြားသည်။
” အစောင့်မရှိတဲ့ ဘုရား၊ စေတီသာသနိကအဆောက်အဦးတွေရဲ့ လျှပ်စစ်မီးကြိုး၊ မီတာ၊ မီးတိုင်၊ ဆိုလာတန်ဖိုးနည်းနည်းများများ ရောင်းလို့ရတာ အကုန်ခိုးတယ်၊ ဒီနေ့ပြန်ပြင်ရင် နောက်နေ့ ပြန်လာခိုးတာလဲရှိတယ်၊ သိလို့ သက်ဆိုင်ရာကို ဖမ်းပို့တော့လည်း မဖမ်းဆီးပေးဘူး၊ ညပိုင်း မီးမရတဲ့ရက်တွေဆို သူခိုးက ခေါင်းပြန်ထောင်လာတယ် ” လို့ ရေးမြို့ခံတစ်ဦးက ပြောသည်။
ခိုးယူသူများမှာ အသက် ၁၅ နှစ်ဝန်းကျင်လူငယ်များပိုမိုများပြားပြီး သက်ကြီးပိုင်း အနည်းငယ်တွေ့ရကြောင်း၊ လူမနေသည့်အိမ်ကို လေ့လာပြီး ညစဉ်ဖောက်ထွင်း ဝင်ရောက်ကာခိုးယူခြင်း၊ အချို့နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများကို ညသန်းခေါင်တံခါးများ လာခေါက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဒေသခံတို့အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်နေသည့်ကြားမှ သူခိုးရန်ကာကွယ်ရန်အတွက် မိမိတို့၏နေအိမ်အဆောက်အဦများကို ပြန်လည်ပြုပြင် ပြင်ဆင်နေရသည်ဟု ရေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
”မီးပျက်တာနဲ့ လူကြီးအချို့၊ လူငယ်အချို့ နှစ်ယောက် သုံးယောက်လည်းတွေ့တယ်၊ ခေါင်းမှာမီးတွေနဲ့၊ တုတ်တွေ၊ ဓါးတိုတွေကိုင်ထားကြတာ၊ မိုးရာသီလည်းဖြစ်၊ အခွင့်သာရင် ဓားပြလည်းဖြစ်သွားနိုင်လို့ ကိုယ့်အိမ်ကိုယ်လုံ အောင်တော့ ကာကွယ်နေရတယ်”
ရေးမြို့နယ်အတွင်း ည ၆ နာရီမှာ နံနက် ၆ နာရီအထိ မာရှယ်လောအထုတ်ခံထားရပြီး ရေးမြို့ပေါ်အတွင်း ညစဉ်စစ်ကောင်စီမှ ကင်းလှည့်နေသော်လည်း သူခိုးများအား ဖမ်းဆီးအရေးယူခဲ့သည်ကို မတွေ့ရသဖြင့် ပိုမိုအတင့်ရဲလာကြမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
ပုဒ်မ – ၁၄၄ အရ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက မွန်ပြည်နယ်အတွင်း ရေးမြို့နယ်တစ်ခုတည်း၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်ပြီး ထုတ်ပြန်ခဲ့သည်။
Photo; Facebook