ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် အမတ ၃၁၀ အမြှောက်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းအတွင်းငါးရှာနေသူ ဒေသခံအရပ်သားတစ်ဦး ဝမ်းဗိုက်ပွင့်၍ ပြင်းထန်ဒဏ်ရာ စိုးရိမ်ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့ ည (၉) နာရီအချိန်ခန့်က သိမ်ဇရပ်မြို့၊ မုက္ခမော့ကျေးရွာနေ မောင်ဝေယံအောင်ဆိုသူမှာ အခိုင်ကျေးရွာအနီးချောင်းစပ်၌ ငါးရှာနေချိန်တွင် လက်နက်ကြီးတစ်လုံး အနီးကပ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မောင်ဝေယံအောင် မှာက ဝမ်းဗိုက်ပွင့်ဒဏ်ရာနဲ့ ခြေတွေလက်တွေမှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေရသွားတယ်။ သိမ်ဇရပ်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ အခြေအနေကတော့ မကောင်းဘူးလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ယင်းညပိုင်းအချိန်က သိမ်ဇရပ်မြို့နှင့်အနီးဝန်းကျင်နေရာများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသစ်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၃) ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ကျောက်တန်းလေးကျေးရွာအနီးတွင် KNLA/PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယင်းတိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ၊ ပျဉ်းကတိုးကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အရပ်သားပြည်သူ (၈) ဦးသေဆုံးခဲ့ကာ၊ (၆) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ရမ်းသစ်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၉) ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ (၁၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
Photo; Google Map