မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP (AD) + ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့ ယမန်နေ့က မော့ကနင်ကျေးရွာအနီး မြို့ဟောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဩဂုတ်လ ၈ ရက် ညနေ ၃ နာရီခန့်တွင် မော့ကနင်ကျေးရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်ဟန့်တား တိုက်ခိုက်ရာမှ ညနေ ၅ နာရီဝန်းကျင်အထိတစ်ကြိမ်၊ ညမိုးချုပ်တွင်တစ်ကြိမ် ထပ်မံဖြစ်ပွားသည့် တိုက်ပွဲအတွင်း YPDF မှ တစ်ဦး၊ စစ်ကောင်စီဘက် ၆ ဦး သေဆုံးခဲ့ကြောင်း NMSP (AD) မှ သိရသည်။
မြို့ဟောင်းရွာသားတစ်ဦးက “ဒီနေ့ မနက် ၇ နာရီကျော်ကျော်လောက်မှာ ရွာကနေ စစ်တပ်ပြန်ထွက်သွားတယ်၊ ရွာသားတချို့ အဖမ်းခံရတယ် ဘယ်သူတွေပါသွားသလဲ အတိအကျမသိရသေးဘူး ၈-၉ ယောက်လောက် ရှိမယ်ထင်တယ်၊ မွန်အမျိုးသားကျောင်းကိုလည်း အကုန်မွှေနှောက်သွားတယ်၊ အိမ်စျေးဆိုင်တွေ ဖောက်ထွင်းခံထိတယ်၊ ကားတစ်စီးမီးရှို့ခံရတယ်” ဟု ပြောသည်။
မော့ကနင်အခြေစိုက် ခလရ ၁၀၆ နှင့် ခမရ ၅၈၈ ပူးပေါင်းစစ်ကြောင်း အင်အား ၁၀၀ ကျော်ဖြင့် အမှတ် (၈) သံဖြူဇရပ်-ရေး ပြည်ထောင်စုလမ်းမကြီးကို အခြေပြု၍ မော့ကနင်၊ ကနင်ကမော့၊ ဘေးလမု၊ မြို့ဟောင်း၊ အောင်သာယာ၊ ဘုရားကုန်း၊ နှစ်ကရင်လမ်းဝ၊ လိမ္မော်ခြံ၊ နှစ်ကရင်ကျေးရွာအုပ်စု သပြေချောင်းရွာများတွင် ကင်းပုန်းဝပ်၍ လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
အလားတူ ယမန်နေ့နံက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ဝယ်ပတုတ်ရွာ၊ ကုန်းမြင့်သာရွာ၊ စခန်းကြီးရွာတို့နှင့် အနီးအနားရှိ အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးတို့တွင် စစ်ကောင်စီ အင်အား အလုံးအရင်းဖြင့် ကင်းပုန်ဝတ်နေပြီး ရွာအတွင်းအပြင် နေရာအသီးသီး၌ ယာယီတပ်စွဲထားသဖြင့် ရွာသားများ ကြောက်ရွံ့ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများမှ သိရသည်။
ထို့ပြင် အဆိုပါ သံဖြူဇရပ် – ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအား ည (၆) နာရီမှ နောက်တစ်နေ့နံနက် (၆) နာရီအထိ မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့်မပြုရန် တားမြစ်ကြောင်း၊ ဖြတ်သန်းသည့် မည်သည့်ယာဉ်မဆို ပစ်ခတ်မည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဩဂုတ်လ (၅) ရက် ရက်စွဲဖြင့် အွန်လိုင်းမှတဆင့် ကြေညာချက်ထုတ်ပြန်ထားသည်။
Photo-NMSP (AD)