ထိုင်းမြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဂိတ် ချက်ပွိုင့်ရှိ စံခလပူရီမြို့ (အမှတ်၉ ရပ်ကွက်) ဘုရားသုံးဆူရွာတွင် ကိုဗစ် ၁၉ ဖြစ်ပွားခဲ့သည့်ကာလကတည်းက ပိတ်ထားခဲ့ရသော ဘုရားသုံးဆူ သောကြာနေ့စျေးကို မွန်ယဥ်ကျေးမှုအကဖြင့် ထိုင်းစစ်တပ်အရာရှိများက ယနေ့နံက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။
၄င်းအခမ်းအနားသို့ ကန်ချနပူရီအခြေစိုက် ဆူရာစီစစ်ဗျူဟာလက်အောက်ခံ အမှတ် (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဝုသယာ ချမ်းမာမတ်၊ အမှတ် ၂၉ ခြေမြန်တပ်ရင်းမှူး ဗိုလ်မှူးကြီး ပွန်ပတ်ဟောင်ဆင်လပ်၊ လတ်ယားအထူးတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဆူရာစီ စစ်ထောက်လှမ်းရေးဌာနခွဲမှ ဗိုလ်မှူးကြီး ဆူရာဒက်မဲနူဝိုင်း၊ ဆူရာစီဗျူဟာမှ အရာရှိများ၊ အမှတ် (၁) နယ်ခြား လှည့်ကင်း တပ်ဖွဲ့ဝင်များ၊ ကန်ချနပူရီပြည်နယ်နှင့် စံခလပူရီခရိုင်တို့မှ အစိုးရအာဏာပိုင်များ၊ ဒေသခံ မွန်၊ ကရင်၊ ဗမာနှင့် ဒေသခံများ၊ ထိုင်း-မြန်မာကုန်သည် ၂၀၀ ကျော်ဖြင့် သြဂုတ်လ (၉) ရက် နံနက် ၁၀ နာရီအချိန်က သောကြာနေ့စျေးကို အခမ်းအနားဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
အမှတ်(၉) တပ်မမှူးသည် တိုင်းရင်းသားရိုးရာ မွန်ယဥ်ကျေးမှုဟသႅာအကဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး စျေးတန်းအားလှည့်လည်ကြည့်ရှုခြင်း၊ ဘုရားသုံးဆူရွာ မူလတန်းမှ ကျောင်းသူကျောင်းသားများအား အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ နေ့လယ်စာ လှူဒါန်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ကန်ချနပူရီသတင်းက ဖော်ပြသည်။
အဆိုပါ သောကြာနေ့စျေးသည် ဒေသထွက်ကုန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ၊ အိမ်ရှင်မများအကြိုက် အိမ်သုံးပစ္စည်းများနှင့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည့် အခွန်လွတ်စျေးသဘောဖြစ်ကြောင်း သိရသည်။