မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် တရုတ်နိုင်ငံ ဟိုင်ဂင်ဆွေးနွေးပွဲသို့ မြန်မာစစ်တပ် တက်ရောက်မည်မဟုတ်ကြောင်း အကြောင်းပြန်ကြားခဲ့ပြီးနောက် တရုတ်အထူးကိုယ်စားလှယ် မြန်မာပြည် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံက စီစဥ်ထားသော ဟိုင်ဂင် ဆွေးနွေးပွဲ ၆ ကြိမ်မြောက်ကို ဆက်လက်တက်ရောက်ခြင်း မပြုနိုင်ကြောင်း မြန်မာ့စစ်တပ်ဘက်က အကြောင်းပြန်ထားသည့်အချိန်တွင် ကြိုတင်စီစဥ်ထားခြင်းမရှိသည့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း၏ ယနေ့ခရီးစဥ်မှာ ထူးခြားမှုရှိမည်ဟု တရုတ်အရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
၎င်းက “ တရုတ်အထူးကိုယ်စားလှယ် ဒီနေ့ မြန်မာပြည်ကို ရောက်မယ်၊ ၆ ကြိမ် မြောက်ကို ဇူလိုင် ၃၁ ရက်နေ့က လုပ်ဖို့က မဖြစ်ခဲ့ဘူး။ ဒီနေ့ သြဂုတ် ၈ ရက်နေ့ ဟိုင်ဂင် ၆ ကြိမ်မြောက် လုပ်ဖို့ စီစဉ်ထားတဲ့အချိန်မှာ တရုတ်အထူးကိုယ်စားလှယ် ရောက်လာမှာ ထူးခြားတယ်။ ဒီခရီးစဉ်က ကြိုတင်ပြင်ဆင် ထားတဲ့ ခရီးစဉ်မဟုတ်ဘူးလို့ သိရတယ်။ မြောက်ပိုင်း ၃ ဖွဲ့ကလည်း SAC ဗုံးကြဲတာ ရပ်ဖို့ တရုတ်က ကူညီ ပေးဖို့ဆိုပြီးတော့လည်း စာပို့တောင်းဆိုထားတဲ့အခြေအနေမှာ ခြုံသုံးသပ်ကြည့်ရင် ဒီ ခရီးစဉ်က တော်တော်ထူးခြားမှုရှိလိမ့်မယ်”ဟု ပြောသည်။
လက်ရှိတွင် MNDAA, TNLA, AA မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုများအား နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးပေးရန် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တောင်းဆိုထားသလို ရှမ်းမြောက်ဒေသရှိ တရုတ်နိုင်ငံသားများအား အမြန်ဆုံးထွက်ခွာသွားကြရန် တရုတ်အစိုးကသတိပေးထားသည်။
ထို့အတူ MNDAA၊ TNLA၊ MDY-PDF၊ PDF ၊ KIA တို့သည် မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့များကို ထိုးစစ်ဆင် တိုက်ခိုက်ရန်အတွက် စစ်ရေးပြင်ဆင် စုဖွဲ့မှုများပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
တရုတ်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က နောက်ဆုံးလာသွားခဲ့ပြီး နောက် ဇွန်လ ၂၅ ရက်နေ့တွင် TNLA၊ MNDAA၊ MDY-PDF၊ BPLA တို့ပူးပေါင်း၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်ခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း၊ တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ၅ ကြိမ်အထိ ဆွေးနွေးထားသော ဟိုင်ဂင်ဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့က ၆ ကြိမ်မြောက် ကျင်းပရန် တရုတ်က စီစဉ်ခဲ့သော်လည်း ကျင်းပနိုင်ခြင်းမရှိပေ။