လားရှိုးမြို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ရမခ၌ ဖမ်းဆီးခံရသော စစ်သုံ့ပန်းမိသားစုဝင်များကို ကိုးကန့်တပ်မတော် (MNDAA) က တစ်ဦးလျင် ငွေကျပ် ၅ သောင်းစီ ဝေပေး၍ နေ့စဥ်ပြန်လွှတ်ပေးနေကြောင်း နယ်မြေခံသတင်းအရင်းမြစ်များက ပြောသည်။
ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်း မိသားစုဝင်တွေကို သြဂုတ် ၆ ရက်နေ့က ၃၈၅ ဦး၊ သြဂုတ် ၇ ရက်နေ့က ၄၄၅ ဦးနှင့် ယနေ့တွင် ၃၀၈ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း၊ ပြန်လွှတ်ပေးခဲ့ရာတွင် ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း သိရသည်။
သို့ရာတွင် စစ်သုံ့ပန်းများကို ပြန်လွှတ်မည်မဟုတ်ဘဲ စစ်စည်ကမ်းဥပဒေနှင့်အညီ ဆက်လက် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
ကိုးကန့်တပ်မတော် (MNDAA) ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့တွင် ရမခ ကို သိမ်းပိုက်ပြီးနောက် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ ဖမ်းဆီးထားပြီး စစ်ကောင်စီကလည်း အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း အတည်ပြုပြောကြားခဲ့သည်။
ပုံစာ- ပြန်လွတ်လာသည့် လားရှိုးစစ်သုံ့ပန်းမိသားစုဝင်များ (CJ)