မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်မည့် Star Link ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေးစက် (၁၉) လုံး နှင့်အတူ မြန်မာနိုင်ငံသား (၂) ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းများအရ သိရသည်။
မြဝတီမြို့ရှိ အွန်လိုင်းလောင်းကစားရုံများ နှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများထံသို့ ပို့ဆောင်မည်ဟု ယူဆရသည့် ၎င်း Star Link ဂြိုလ်တုဆက်သွယ်ရေးကီရိယာ (၁၉) လုံးအား ဩဂုတ်လ (၇) ရက်နေ့က မဲဆောင်မြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု မဲဆောက်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ Star Link ဂြိုလ်တုဆက်သွယ်ရေးကီရိယာများအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် မဲဆောက်မြို့ရှိ ပုဂ္ဂိလက ကုန်ပစ္စည်းပို့ဆောက်ရေးကုမ္ပဏီတစ်ခုသို့ ပို့ဆောင်လာချိန်တွင် မဲဆောက်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းသတင်းများက ဆိုကြသည်။
Star Link ဂြိုလ်တုဆက်သွယ်ရေးကီရိယာများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား (၂) ဦးမှာ အသက် (၂၇) နှစ်အရွယ်ရှိ ဟိန်းထက်အောင် နှင့် ဖုန်းမြတ်ကျော် ဆိုသူတို့ဖြစ်ကြောင်း၊ ၎င်း၏ထွက်ဆိုချက်များအရ Star Link ဂြိုလ်တုဆက်သွယ်ရေးကီရိယာများအား မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဒေသရှိ အွန်လိုင်းလောင်းကစားရုံးများနှင့် ကျန်းဖြန့်ငွေလိမ်ဂိုဏ်းများထံသို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်ကြောင်း သိရကြောင်း မဲဆောက်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် Star Link ဂြိုလ်တုဆက်သွယ်ရေးကီရိယာများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား (၂) ဦးအား မဲဆောက်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ရဲတပ်ဖွဲ့မှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နေ့ကလည်း မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဒေသသို့ ပို့ဆောင်မည့် Star Link ဂြိုလ်တုဆက်သွယ်ရေးကီရိယာ (၅၈) ခုကို ထိုင်းနိုင်ငံ ချန်သာဘူရီပြည်နယ်ရှိ ပါဆယ်ပို့ဆောင်သည့် လုပ်ငန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့သေးကြောင်း ထိုင်းသတင်းဌာနများက ဖေါ်ပြသည်။