ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာပျက်စီးခဲ့ရသည့်အပြင် မြန်မာပြည်သူလူထု အားထားနေရသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုနှင့် နိုင်ငံအတွက် များစွာနစ်နာခဲ့ရကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတဝန်းသို့ မိန့်ခွန်းပြောကြားချက်တွင် ငြီးတွားပြောဆိုလိုက်သည်။
ရမခတိုင်းစစ်ဌာနချုပ် MNDAA လက်ထဲကျရောက်သွားပြီးနောက် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးက သြဂုတ် (၅) ရက် ညပိုင်းတွင် မြန်မာ့အသံရုပ်မြင်သံကြား MRTV အစီအစဥ်မှ နိုင်ငံတဝန်းသို့ မိန့်ခွန်းပြောကြားချက်၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။
“KNU အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာပြည်သူ လူထု အားထားနေရတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုနဲ့ နိုင်ငံအတွက် များစွာနစ်နာခဲ့ပါတယ်။ ဒါတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒေသတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။
ထို့အပြင် KNU အနေဖြင့် တပ်မဟာ(၁၊ ၃၊ ၅) သုံးခု ပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက် တိုက်ကွက်များ ဖော်ဆောင်နိုင်ရန် လက်ရှိ KNU ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်နေသည်ကို သတင်းရရှိထားကြောင်း ၄င်းက ဆိုသည်။
KNU သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို သင်တန်းများလေ့ကျင့်သင်ကြားပေးခြင်း၊ လက်နက်များတပ်ဆင်ပေးခဲ့ပြီး ကရင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ မြို့ရွာများကို အင်အားသုံးတိုက်ခိုက်ခြင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ကော့ကရိတ်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် သင်္ကန်းညီနောင်မြို့နှင့် ဧပြီလ ၁၀ ရက်နေ့တွင် မြဝတီမြို့တို့ကို တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူသုံးသန်းကျော် စစ်ဘေးဒုက္ခသည်ဖြစ်နေပြီး နေအိမ် ၉ သောင်းကျော်၊ ရွာပေါင်းရာချီနှင့် မြို့ ၈၀ နီးပါး ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ကုန်စျေးနှုန်းသည်လည်း သုံးဆကျော်မြင့်တက်လာသဖြင့် ပြည်သူလူထုမှာ ကျပ်တည်းမှုအဆမတန်မြင့်တက်လာပြီး လူဦးရေ ၁၃ သန်းခန့်မှာ စားနပ်ရိက္ခာခက်ခဲမှုဒဏ် ရင်ဆိုင်ခံစားနေရကြောင်း UNOCHA ကုလသမဂ္ဂအစီရင်ခံစာတရပ်တွင် ဖော်ပြခဲ့သည်။