စစ်ကောင်စီမှ မော်လမြိုင်မြို့နယ် လုံခြုံရေးအတွက် လှည့်ကင်းများ၊ ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ရာတွင် နေ့စားသမားများကို ခေါ်ယူအသုံးပြုလာရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
လုံခြုံရေးအတွက် နေ့စားသမားများအား တစ်ရက်လျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် ခေါ်ယူအသုံးပြုနေပြီး စစ်ဝတ်စုံ နှင့် လက်နက်တပ်ဆင်ပေးထားကြောင်း၊ စစ်တပ်၊ ရဲနှင့် ပူးပေါင်းကာ မော်လမြိုင်မြို့အတွင်း လှည့်ကင်း၊ ပတ်ကင်းများ၊ ပိတ်ဆို့စစ်ဆေးမှုများနှင့် ဧည့်စာရင်းစစ်ခြင်းများ လုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရသည်ဟု ဆိုသည်။
ရပ်ကွက်တွင် လူမိုက်လူရမ်းကားကဲ့သို့ ကျောဇောနေသူများ၊ အလုပ်လက်မဲ့များအား နေ့စားအဖြစ်ခေါ်ယူကာ အသုံးပြုနေသည်ကိုတွေ့ရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။
“ရပ်ကွက်ထဲမှာ အလုပ်အကိုင်မရှိတဲ့တွေ၊ လူမိုက်လိုလို နာမည်နဲ့နေနေကြသူတွေကို ရာအိမ်မှူးတွေက လိုက်ခေါ်ပြီးတော့ နေ့စားလုံခြုံရေးအနေနဲ့ ခေါ်နေကြတာမျိုး တွေ့ရတယ်။ စစ်ဝတ်စုံနဲ့ သေနတ်ကိုင်ရမယ်ဆိုတော့ နေ့စားလုံခြုံရေးသွားလုပ်ကြသူတွေလည်း ရှိနေတယ်”
အဆိုပါ နေ့စားလုံခြုံရေးများမှာ ပြည်သူလူထုနှင့် ပြောဆိုဆက်ဆံကြရာတွင် ရိုင်းစိုင်းဆိုးရွားသည့်အပြုအမူများ ရှိနေကြပြီး လက်နက်ပြကာ ခြိမ်းခြောက်ပြောဆိုခြင်း၊ ရွှေထည်၊ ဖုန်း နှင့် ငွေကြေးများ ခြိမ်းခြောက်ယူခြင်းများလည်း ရှိနေသည်။
ထို့အပြင် လုံခြုံရေအကြောင်းပြချက်ဖြင့် လမ်းသွားလမ်းလာများအား စစ်ဆေးကြရာမှာလည်း ကား နှင့် ဆိုင်ကယ်များအား လိုအပ်သည်ထက် တမင်အကြောင်းရှာ၍ စစ်ဆေးခြင်း၊ လူငယ်များ၏ ဖုန်းများအား စစ်ဆေးကာ နိုင်ငံရေးနှင့် ပတ်သက်သည့် ပို့စ်များ၊ အကြောင်းအရာများတွေ့ရှိပါကလည်း ရိုက်နှက်ဖမ်းဆီးကာ ငွေညှစ်၍ အဆမတန်တောင်းခံမှုများလုပ်ဆောင်နေကြောင်းလည်း မော်လမြိုင်မြိုခံများ၏ ပြောကြားချက်များအရ သိရသည်။
လုံခြုံရေးအရင်းမြစ် အင်အားလုံလောက်မှုမရှိတော့သဖြင့် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းထားသည့် ကာလအတွင်း အငြိမ်းစားယူထားသည့် စစ်တပ်အရာရှိဟောင်းများကို လူအင်အားဖြည့်တင်းရန် ပြန်လည်ဆင့်ခေါ်ထားသည်။