အတ္ထရံမြစ်ရေလျှံမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်း (၂၅) ကျောင်းအား ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အတ္ထရံမြစ်ကမ်းဘေးတွင်တည်ရှိနေသော ဦးလေး၊ ငါးပြေမ၊ လမုခို၊ ဖာသိမ်ကမ်းနား၊ ပေါလောကုန်း၊ ဘိန်းဗျော အစရှိသည့် ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများအား ပြီးခဲ့သည့် ဇူလို်ငလ (၂၉) ရက်နေ့မှစတင်ကာ ယာယီပိတ်ထားဆဲဖြစ်ကြောင်း ကျောင်းဆရာတစ်ဦးက ပြောသည်။
“ရေကြီးရေလျှံမှုဖြစ်ပွားနေလို့ ယာယီပိတ်ထားတဲ့ကျောင်းတွေက အထက်တန်းကျောင်းခွဲ (၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃) ကျောင်း၊ မူလတန်း (လွန်) ကျောင်း (၂) ကျောင်းနဲ့ မူလတန်းကျောင်း (၁၈) ကျောင်းဖြစ်ပါတယ်။ ရေတွေအားလုံး ပြန်လည်ကျဆင်းသွားမှဘဲ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်”
မိုးရွာစွာရွာသွန်းမှုကြောင့် ဇူလိုင်လ (၂၅) ရက်နေ့မှစတင်၍ ကျိုက်မရောမြို့အပါအဝင် အတ္ထရံမြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ (၁၀) ရက်ကျော်ရှိနေပြီးဖြစ်ကြောင်း သိရသည်။
“လောလောဆယ် ကျိုက်မရောမြို့ပေါ်က အခြေခံပညာအထက်တန်းကျောင်းကိုတော့ ဖွင့်ထားဆဲဖြစ်ပါတယ်။ ကျောင်းတက်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရေကျော်နေတဲ့နေရာတွေမှာ မီးသတ်တပ်ဖွဲ့တွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြို့ခံတွေက လှေတွေနဲ့ ပို့ဆောင်ပေးနေကြပါတယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။
ယနေ့ ဩဂုတ်လ (၄) ရက်နေ့တွင် အတ္ထရံမြစ်ရေမှာ အနည်ငယ်ကျဆင်းနေသော်လည်း ကျိုက်မရောမြို့နယ် အတွင်းရှိ အတ္ထရံမြစ်ကမ်းဘေးကျေးရွာများတွင်း ရေကြီးရေလျှံမှုများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း နှင့် ရေသန့်၊ အစားအစာ နှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
Photo Credit – Bo Bo Win Rescue