သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာ အထကကျောင်းမှ ဆရာ၊ ဆရာမ ၅ ဦးတို့ကို ပြောက်ကျားယူနီဖောင်းဝတ် လက်နက်ကိုင်အဖွဲ့က ယနေ့တွင် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ဝဲခမိကျေးရွာ အထက ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဇော်၊ အထက်တန်းပြဆရာမ ဒေါ်ခင်မြတ်မြတ်ထွန်းနှင့် ဒေါ်ခိုင်ခိုင်မိုး၊ မူလတန်းပြကျောင်းဆရာ ဦးကျော်စိုးလွင်နှင့် ဦးကျော်ဘုန်းဝေတို့ကို ယနေ့နံက် ၁၀ နာရီ ကျောင်းတက်ချိန်အတွင်း ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
အဆိုပါကျောင်းဆရာ/မ ဝန်ထမ်းများအား KNU/ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ တယ်လယ်ဂရမ်များပေါ်က ရေးသားကြသော်လည်း KNU မှ အတည်ပြုခြင်းမရှိသေးပေ။
အလားတူ KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရှုပ်ထွေးမှု မရှိစေရန်အတွက် စစ်ကောင်စီ (SAC) လက်အောက်ရှိ ဌာနဆိုင်ရာ စစ်ကောင်စီ ဝန်ထမ်းများအားလုံး ခရိုင်အတွင်းမှ ပြောင်းရွှေ့ထွက်ခွာသွားခြင်း၊ နုတ်ထွက်ခြင်း၊ (သို့မဟုတ်) KNU နှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း တပ်မဟာ (၆) ဒူးပလာယာခရိုင်က ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။
ဝဲခမိကျေးရွာအုပ်စုသည် သံဖြူဇရပ်-ရေး အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးနံဘေးရှိ ကရင်တိုင်းရင်းသားအများစု နေထိုင်သော ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားအခြေစိုက်ရာ ဒေသဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။