ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်ဆက်စပ်ပတ်သက်မှုရှိသည်ဟုဆိုကာ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးစိုး လာရောက်ဖမ်းဆီးသွားပြီးနောက် ၄င်း နေအိမ်အား ယမန်နေ့ ဩဂုတ်လ (၁) ရက်က စစ်ကောင်စီပူးပေါင်းအဖွဲ့မှ လာရောက် ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ထို့အပြင် ဦးအေးစိုး နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ သထုံမြို့နှင့် သုဝဏ္ဏဝတီမြို့ ဒေသခံ (၅) ဦးခန့်အား စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံတစ်ဦးက “ဦးအေးစိုး က အရင် NLD ပါတီအစိုးရလက်ထက်ကတည်းက အုပ်ချုပ်ရေးမှူး လုပ်ခဲ့သူပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း သူဘဲ အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူပါ” ဟု ပြောသည်။
လက်ရှိတွင် ဦးအေးစိုး အား သထုံအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသည်ဟု ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရကြောင်း ၎င်းဒေသခံက ဆိုသည်။
ထို့ပြင် ဦးအေးစိုး မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း နှင့် အကြမ်းဖက်မှုများကျူးလွန်ခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၎င်းအားဖမ်းဆီးကာ ၎င်း၏နေအိမ်အား ချိပ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဝါဒဖြန့်ရေးသားဖေါ်ပြထားသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ် သထုံမြို့နယ်အတွင်း လွတ်တော်ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများ၏ နေအိမ် (၁၅) လုံးထက်မနည်း ချိပ်ပိတ်ခံထားရကြောင်း သိရသည်။