သထုံမြို့နယ် ဒုံသမိမြစ်ရိုးတလျှောက်ရှိ ကျေးရွာများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ ရက်သတ္တတစ်ပတ်ခန့်ရှိနေပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
မိုးနေ့စဉ်ရက်ဆက်ရွာသွန်းပြီး တောင်ကျရေဆင်းနေသည့်အတွက်ကြောင့် ပြီးခဲ့သည့် ဇူလိုင်လ (၂၅) ရက်နေ့မှစတင်ကာ ဒုံသမိမြစ်အတွင်း ရေလျှံမှုဖြစ်ပွားခဲ့ရာမှ မြစ်ရိုးတလျှောက်ရှိ စခန်းကြီး၊ ဈေးမသွယ်၊ ထောင်မှူး၊ ဒူးရင်းဆိပ်၊ ကြာပန်း၊ ကြက်တူရွေးတောင်၊ ရှမ်းစု၊ ဒလပန်း၊ အင်ကြင်းကုန်းအစရှိသည့် ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း ဈေးမသွယ်ကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။
“ဒီနှစ်ရေကြီးတာက ခါတိုင်းနှစ်ထက်ပိုများတယ်။ အရင်နှစ်တွေက မမြှုပ်တဲ့နေရာတွေပါ ရေဝင်တာမျိုးတွေရှိခဲ့တယ်။ အတတ်နိုင်ဆုံးတော့ ရေဘေးလွတ်တဲ့နေရာတွေမှာ လျှောက်နေနေကြရတယ်။ အကူအညီတွေကတော့ မလာသေးဘူး။ ဒီဘက်ခြမ်းမှာက ဖုန်းလိုင်းလည်းကောင်းကောင်းမမိတော့ ဒေသခံတွေ ရေဘေးသင့်နေတာ သိပ်မသိကြဘူးလို့ ထင်ပါတယ်”
လက်ရှိ ဒူးရင်းဆိပ်ကျေးရွာတွင် ရေဘေးသင့်ပြည်သူ (၁၀၀) ကျော်ရှိနေပြီး ရေဘေးလွတ်ရာဘုန်းကြီးကျောင်းတွင် ယာယီနေထိုင်နေကြကြောင်း၊ ဈေးမသွယ်၊ အင်းဝိုင်း၊ အင်းနီ အစရှိသည့် မြစ်ကမ်းနားဘေးရှိကျေးရွာများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့်ကို တွေ့မြင်ရကြောင်း သထုံအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“လတ်တလောမှာ ရေဘေးသင့်ပြည်သူတွေအတွက် အဓိက သောက်ရေသန့်လိုမယ်။ ပြီးတော့ ထမင်းထုပ်ပေါ့။ တချို့ရွာတွေက ရေမြှုပ်ကုန်လို့ အဝတ်အစားတွေကအစ လိုအပ်ချက်တွေရှိနေတယ်။ ကျနော်တို့လည်း အလှူရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အတတ်နိုင်ဆုံးလိုက်ပြီး ကူနေပါတယ်”
ဒုံသမိမြစ်ရိုးတလျှောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောင်ပံ့မှုများလုပ်ဆောင်လိုပါက သထုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ လှူဒါန်းပေးနိုင်ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ (၃၁) ရက်နေ့နံနက်ပိုင်းအချိန်တိုင်းတာချက်များအရ ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအောက်သို့ ဆက်လက်ကျဆင်းလျက်ရှိပြီး၊ ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရေကျော်ခြင်းမရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။
Photo Credit – ကိုအောင်ကိုလတ် (ပါရမီလူမှုကူညီရေးအသင်း)