သံဖြူဇရပ်-ရေးမြို့နယ်အကြားရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များနှင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ နေစဥ်ရက်ဆက်ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP (AD) ပြောခွင့်ရနိုင်ဗညားမွန်က “ စစ်ကောင်စီအင်အား ၁၅၀ ကျော် ၂၀၀ ဝန်းကျင်လောက်က မော့ကနင်ရွာသစ်၊ ကနင်ကမော့ လိမ္မော်ခြံနဲ့ နှစ်ကရင်ဘက်တွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပါတယ်၊ အဲဒီက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဥ်တိုက်ပွဲတွေ ဖြစ်နေပါတယ်” ဟု ပြောသည်။
အဆိုပါတိုက်ပွဲများဖြစ်ပေါ်နေသည့် လမ်းပိုင်းတွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်၊ အကယ်၍ မဖြစ်မနေ ခရီးသွားလာရပါက တိုက်ပွဲသတင်းတွေ နားထောင်ပြီးမှသာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။
တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး သံဖြူဇရပ်- ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုသဖြင့် ယခုကဲ့သို့ အပြင်းအထန်ထိုးစစ်ဆင်နေပြီး လတ်တလောတွင် တိုက်ပွဲများ နေ့စဥ်ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။
မော့ကနင်ရွာသားတစ်ဦးက “ ကားလမ်းမအတိုင်းဆိုရင် အရင်က ကရင်တပ်ဖွဲ့ဂိတ်နေရာဖြစ်တဲ့ နှစ်ကရင်လမ်းဝကို မနေ့ညနေမှာ စစ်တပ်က နေရာယူလိုက်တယ်၊ ကနင်ကမော့ရွာထဲ မြန်မာစစ်ကြောင်းတွေ ရောက်နေတယ်၊ လက်နက်ကြီးတွေ ခဏခဏကျလာတယ်” ဟု ပြောသည်။
မော့ကနင်ရွာသစ်အနီးရှိ အမတ ၃၁၇ အမြှောက်တပ်ရင်းမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေပြီး မော့ကနင်ရွာသစ်၊ ကနင်ကမော့၊ အောင်သာယာ၊ လိမ္မော်ခြံရွာနှင့် နှစ်ကရင်ကျေးရွာတွေအထိ စစ်ကောင်စီ စစ်ကြောင်းက ထိုးဖောက်ဝင်ရောက်လာခဲ့သည်ဟု ဒေသခံများက ပြောသည်။
သံဖြူဇရပ်-ရေး-ထားဝယ်လမ်းပိုင်းပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ကြောင်း၊ လိမ္မော်ခြံရွာအနီးမှာ ဇူလိုင် ၂၉ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်လို့ ရွာသား ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ သံဖြူဇရပ်မြို့နယ် စခန်းကြီးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းများက ရေးသားဖော်ပြသည်။