ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် ဝင်ငွေခွန်ဆောင်ပြီး အထောက်အထား အပြည့်အစုံ ပြသနိုင်မှသာ PJ ပတ်စပို့သက်တမ်း တိုးပေးတော့မည်ဖြစ်ကြောင်း စစ်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။
ယနေ့ဩဂုတ်လ ၁ ရက်မှစပြီး အခြေခံလစာ (၃) လစာ (ခန့်မှန်း ဘတ် ၂၄,၀၀၀) ၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် ဘတ် (၆,၀၀၀) ကို သတ်မှတ်ထားသော ဘဏ်မှတဆင့် တရားဝင် လွှဲပြောင်းပေးပို့ထားသည့် အထောက်အထားပြသမှသာ ဆက်လက် အလုပ်လုပ်ခွင့်ရမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဇူလိုင် (၃၀) ရက်တွင် အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းရောက်မြန်မာ့အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက “ထိုင်းရောက် MOU လုပ်သားတွေ PJ လိုခေါ်တဲ့အလုပ်လုပ်ခွင့် ပတ်စ်ပို့ စာအုပ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေဟာ သူတို့ စာရွက်စာတမ်းသက်တမ်းတိုးတဲ့အခါ မြန်မာနိုင်ငံကနေ တရားဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက စေလွှတ်တဲ့အလုပ်သမားတွေအနေနဲ့ ဒီကနေ့ ၂၀၂၄ ဩဂုတ်လ ၁ ရက်နေ့ကစပြီး ဝင်ငွေခွန်ရဲ့ ၂ ရာခိုင်နှုန်း အခွန်ဆောင်ပြီးကြောင်း ပြေစာတခု၊ နောက် မိသားစုကို သတ်မှတ်ထားတဲ့ဘဏ်ကနေ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း ပို့ထားတယ်ဆိုတဲ့ ပြေစာတခုကို ပြရမယ်။ အဲဒီ ပြေစာ ၂ ခုပြမှ OWIC (Oversea Workers Identity Card ကို ထုတ်ပေးမှာဖြစ်တယ်” ဟု ပြောသည်။
ထို့ပြင် ထိုင်းကို သွားရောက်မည့် အလုပ်သမားအသစ်များအနေဖြင့်လည်း အဆိုပါ သတ်မှတ်ချက်များကို လိုက်နာမည့်အကြောင်း ခံဝန်ကတိ ထိုးခိုင်းမှုများ ရှိနေသည်။
“အခု ထိုင်းကိုအသစ် သွားတော့မယ့် အလုပ်သမားတွေကလည်း ထိုင်းကိုရောက်တဲ့အခါမှာ ဝင်ငွေခွန်ရဲ့ ၂ ရာခိုင်နှုန်း ဆောင်ပါမယ်ဆိုတာရယ်၊ မိသားစုကိုလည်း သတ်မှတ် ထားတဲ့ဘဏ်ကနေ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပို့ပါမယ်ဆိုတာကို ခံဝန်ကတိ ထိုးပေးရတယ်” ဟု ၄င်းက ဆက်ပြောသည်။
PJ ပတ်စ်ပို့ အလုပ်လုပ်ခွင့် စာအုပ်ကိုင်ဆောင်ထားသော အလုပ်သမားများအနေဖြင့် ၄ နှစ်ပြည့်၍ စာရွက်စာတမ်း သက်တမ်းတိုးသောအခါ MoU U-turn စနစ်ဖြင့် မြ၀တီနှင့် ကော့သောင်းမြို့ရှိ နယပ်စပ်စင်တာများတွင် နေ့ချင်းပြီး သွားရောက် လုပ်ဆောင်ရမည်ဟု ဆိုသည်။
ယင်းကဲ့သို့ PJ ပတ်စပို့စာရွက်စာတမ်းများ သက်တမ်းတိုးတဲ့အခါတွင် ငွေလွှဲထားကြောင်း သက်သေအထောက်အထား မပြနိုင်ပါက ထိုင်းနိုင်ငံဘက်ကို ပြန်လွှတ်မည်မဟုတ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် MOU တရားဝင်အလုပ်သမား ၂ သန်း ၃ သိန်းကျော်ရှိပြီး ယင်းကဲ့သို့ တင်းကြပ်လာသည့် သတ်မှတ်ချက်များကြောင့် ပတ်စပို့သက်တမ်းမတိုးတော့ဘဲ တရားမဝင်အလုပ်သမားတွေအဖြစ် ဆက်လက်နေထိုင်သူများလည်း ရှိသလို ထိုင်းအစိုးရဘက်ကထုတ်ပေးသော ပန်းရောင်ကဒ် အလုပ်သမားလက်မှတ်ဖြင့်သာ အလုပ်လုပ်ခွင့်ပြုရန် မြန်မာအလုပ်သမားများက ထိုင်းအစိုးရကို တောင်းဆိုထားသည်။