အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးနံဘေး မွန်ပြည်နယ် ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သားပြည်သူ (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ (၂၈) ရက်နေ့က စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ လိမ္မော်ခြံကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“မော့ကနင်အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်လိုက်တာပါ။ လက်နက်ကြီးတစ်လုံးက လိမ္မော်ခြံကျေးရွာနားမှာ ကျရောက်ပေါက်ကွဲခဲ့တာပါ။ အမျိုးသားတစ်ဦးက ဗိုက်နဲ့ ခြေထောက်တွေမှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေရသွားတယ်။ အဖွားတစ်ယောက်က ဒဏ်ရာနည်းနည်းရသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်နက်ကြီးထိခိုက်ဒဏ်ရာရရှိခဲ့သူ (၂) ဦးအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က လမိုင်းမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားသည်။
ထို့ပြင် ဇူလိုင်လ ၂၇ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က လိမ္မော်ခြံရွာနှင့် မော့ကနင်ရွာအကြားရှိ ကနင်ကမော့ကျေးရွာအနီး KNU တပ်မဟာ ၆ လက်အောက်ခံ KNLA/PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ရာ – လက်နက်ခဲယမ်းအချို့နှင့် KNLA ဘက်တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း(၅)စုံတို့အား သိမ်းဆည်းရမိခဲ့ကြောင်း တယ်လီဂရမ်မှ စစ်ကောင်စီဘက်က ဝါဒဖြန့်ရေးသားခဲ့သည်။
ယခု ဇူလိုင်လဆန်းပိုင်းအချိန်မှစတင်ကာ မွန်ပြည်နယ် သံဖြူဇရပ် – ရေး အမှတ် (၈) ပြည်ထောင်စုကားလမ်းမတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့က ရေးမြို့နယ် မော့ကနင်ကျေးရွာ ကွမ်ကျိုက်တံတားအနီးတွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့်ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်ဘက်မှ အကျအဆုံးများခဲ့သည်ဟု သိရသည်။
Photo Credit – ရွှေဟင်္သာလူမှုကူညီကယ်ဆယ်ရေးအသင်း