ယခုဇူလိုင် တတိယအပတ်အတွင်း မိုးရက်ဆက်ရွာသွန်းနေမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့ရေကြီးရေလျှံမှုဖြစ်ပွားနေသလို ဘီးလင်းမြို့နယ်အတွင်း ရေကျော်နေသည့်အတွက် ရန်ကုန် – မော်လမြိုင်ကားလမ်းအား ယာယီပိတ်ထားရသည်။
ယနေ့ ဇူလိုင်လ (၂၆) ရက် နံနက် (၈) နာရီခွဲအချိန်တိုင်းတာချက်များအရ ဘီးလင်းမြစ်ရေမှာ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၁၀၂၂) စင်တီမီတာကို ကျော်လွန်ကာ (၁၁၀၄) စင်တာမီတာသို့ရောက်ရှိနေပြီး မိုးဆက်လက်ရွာသွန်းနေသောကြောင့် မြစ်ရေဆက်လက်တိုးလာနိုင်ကြောင်း ဘီးလင်းဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြာသည်။
“ဘီးလင်းမြို့ သကြားရှေ့က ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ကို ရေက မနေ့ညပိုင်းကတည်းက ကျော်နေတော့ ကားတွေသွားလာလို့မရတော့ဘူး။ အဲ့ဒီအပြင်ကို မစောတံတားဘက်ခြမ်းမှာလည်း ကားလမ်းပေါ်ကိုရေကျော်နေလို့ လမ်းကိုယာယီပိတ်ထားရပါတယ်” ဟု ပြောသည်။
ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၂၉/၄) နှင့် (၁၂၉/၅) နေရာတွင် ကားလမ်းပေါ် ရေ (၄) ပေခွဲခန့်ကျော်နေကြောင်းနှင့် ဘီးလင်းမြစ်ရေမှာလည်းဆက်လက်တိုးနေကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ဘီးလင်းမြို့ ကန်သာယာရပ်ကွက်အပါအဝင် ဘီးလင်းမြစ်ကမ်းဘေးရပ်ကွက်များမှ အိမ်ထောင်စုပေါင်း (၁၈၉) စုမှ လူဦးရေ (၈၅၀) ခန့်မှာ ဘီးလင်းမြို့နယ် အားကစားရုံ နှင့် အခြားယာယီရေဘေးရှောင်စခန်းများတွင် ခေတ္တပြောင်းရွေ့နေထိုင်နေကြကြောင်းလည်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
အလားတူ မိုးရက်ဆက်ရွာသွန်းပြီး တောင်ကျရေတိုးနေသည့်အတွက် အတ္တရံမြစ်ရေတိုးလာမှုကြောင့် ကျိုက်မရောမြို့ကမ်းနားပိုင်းနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း အတ္တရံမြစ်ရေဝင်ရောက်မှုများရှိနေကြောင်း ကျိုက်မရောမြို့ခံများထံမှ သိရသည်။
ထို့အတူ ရေးမြစ်ဖျားပိုင်းရှိ ကျောင်းရွာကျေးရွာတွင် မြစ်ရေတိုးလာနေသည့်အတွက် ရေးမြို့ရှိ ကမ်းနားပိုင်းနှင့် အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
မွန်ပြည်နယ် မိုးဆက်လက်ရွာသွန်းနိုင်သည့်အတွက်ကြောင့် ရေကြီးရေလျှံခြင်းများအပြင် မြေပြိုမှုများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန က သတိပေးထုတ်ပြန်ထားသည်။