ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်များ ပြန်လာနေသော ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ၌ နေအိမ်များမွှေနှောက်ဖောက်ထွင်းခံထားရပြီး အိမ်အချို့မှာမီးလောင်ပျက်စီးသွားခဲ့သည်ကို တွေ့ရကြောင်း ယင်းဒေသခံများက ပြောကြားသည်။
အိမ်ခြေတစ်ထောင်ဝန်းကျင်ခန့်ရှိသည့် ချောင်းနှစ်ခွကျေးရွာအတွင်းရှိ နေအိမ် ထက်ဝက်ကျော်မှာ စစ်ဘေးဒဏ်သင့်ခဲ့သဖြင့် မီးလောင်ပျက်စီးနေပြီး ကျန်ရှိသည့်နေအိမ်အားလုံးမှာလည်း နေအိမ်ဖောက်ထွင်းခံထားရကာ မွှေနှောက်ဖျက်ဆီးခံထားရကြောင်း၊ လူပြန်လည်နေထိုင်၍မရလောက်အောင်လည်း ပျက်စီးသွားကုန်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ချောင်းနှစ်ခွရွာထဲကို ပြန်ဝင်ဖို့အတွက်ကို မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနဲ့ အစစ်ဆေးခံပြီးမှ ဝင်ရောက်ခွင့်ပြုထားပါတယ်။ လုံခြုံရေးအရ ကန့်သတ်ထားတဲ့နေရာတွေကိုတော့ ပေးမသွားဘူး” ဟု ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်က ချောင်းနှစ်ခွကျေးရွာအတွင်းသို့ ဒေသခံပြည်များအား ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ရာကြောင်း ယင်းဒေသခံများထံမှ သိရသည်။
လတ်တလော ချောင်းနှစ်ခွကျေးရွာအတွင်းသို့ ဝင်ရောက်လိုသည့် ဒေသခံများအား ယခင်အတ္တရံမြစ်ကူး ဇက်ဆိပ်ဟောင်းနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုများကိုခံယူ၍ ပြန်လည်ဝင်ရောက်ခွင့်ပြုထားကြောင်း၊ လမ်းပေါ်ကြီးအပိုင်း၊ တံတားကြီးထပ်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ချောင်းနှစ်ခွ) အထိ လမ်းတစ်လျှောက်အား လုံခြုံရေးအခြေအနေအရ သွားလာခွင့်ပိတ်ပင်ထားကြောင်း ရွာသားတစ်ဦးက ပြောကြားသည်။
“အချိန် (၉) လနီးပါး လူမနေကြတော့ အိမ်တွေလည်း ချုံတွေ၊ အပင်တွေပေါက်နေကြတယ်။ အိမ်အတော်များများက လူနေလို့ အဆင်မပြေတော့ဘူး”
ထိုအခြေအနေများကြောင့်လည်း ချောင်းနှစ်ခွကျေးရွာမှာ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာအတွင်းသို့ ပြန်လည်အခြေချနေထိုင်ရန် မဖြစ်နိုင်သေးကြောင်းလည်း ပြောဆိုနေကြသည်။
ပြီးခဲ့သည့်နှစ် (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၀) ရက် အချိန်မှစတင်ကာ ချောင်းနှစ်ခွနယ်မြေရဲစခန်း နှင့် အတ္ထရံတံတား (ချောင်းနှစ်ခွ) ရှိ လုံခြုံရေးဂိတ်များအား KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကလာရောက်တိုက်ခိုက်ခဲ့ရာမှ စတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ ထို့အပြင် မုဒုံ – ချောင်းနှစ်ခွ – ကြာအင်းဆိပ်ကြီး ကားလမ်းပေါ်တွင်ရှိသည့် အဓိက တံတးတစ်စင်းဖြစ်သည့် အတ္ထရံတံတား (ချောင်းနှစ်ခွ) မှာကိုလည်း နိုဝင်ဘာလ (၁၇) ရက်နေ့တွင် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖြိုချဖျက်ဆီးခဲ့ကြသည်။
(၂၀၂၃) ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့မှစတင်ကာ မြန်မာစစ်တပ်က ချောင်းနှစ်ခွဒေသအတွင်းရှိ KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားရာနယ်မြေများအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အဆိုပါ ချောင်းနှစ်ခွကျေးရွာအား ပြန်လည်ထိန်းချုပ်ထားခဲ့သည်။
တိုက်ပွဲများကြောင့် ချောင်းနှစ်ခွကျေးရွာနှင့် ချောင်းနှစ်ခွဒေသအနီးဝန်းကျင်ရှိဒေသများမှ ဒေသခံပြည်သူများ ထောင်နှင့်ချီကာ နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရသည်မှာ (၉) လနီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။
Photo; – ချောင်းနှစ်ခွသတင်း