သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ပုတိမ်ရိုးကျေးရွာအနီးရှိ ရန်ကုန် – မော်လမြိုင် ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခံရသဖြင့် ယမန်နေ့ ညပိုင်းက လူစီးရထားတစ်စင်း လမ်းချော်ခဲ့သည်။
အဆိုပါ ပုတိမ်ရိုးကျေးရွာအနီးရှိ ရန်ကုန် – မော်လမြိုင်ရထားလမ်းနှင့်အတူ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတားမှာလည်း ယမန်နေ့ ညပိုင်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး KNU-PDF တပ်ဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ တယ်ရီဂရမ်တွင် ရေးသားကြသည်။
ဒေသခံတစ်ဦးက “ညက ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ ကရင်လေးဆိပ်တံတားမိုင်းခွဲ ခံရတဲ့အချိန်လောက်မှာ ရထားလမ်းဘက်မှာလည်း မိုင်းထောင်ဖောက်ခွဲမှုလုပ်ခဲ့တာလို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ရထားလမ်းက မိုင်းခွဲခံထားရပြီး ရထားသံလမ်းက (၆) ပေလောက်ပြတ်ထွက်နေတာကို မသိလိုက်ကြဘူး။ မော်လမြိုင်ဘက်ကနေ ရန်ကုန်ဘက်ကို သွားတဲ့ ရထားလမ်းချော်တော့မှ ရထားလမ်းပါ မိုင်းခွဲဖျက်ဆီးထားမှန်း သိကြတာ” ဟု ပြောကြားသည်။
မိုင်းခွဲခံရသည့် ကရင်လေးဆိပ်တံတားအား ယာယီမြေဖို့ပြုပြင်ပြီးစီးခဲ့ပြီးနောက် ယနေ့ မွန်းလွဲပိုင်းအချိန်၌ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။
“မော်လမြိုင်ဘူတာကြီးကနေ ရန်ကုန်ဘူတာကြီးကို ထွက်ခွာသွားတဲ့ အမှတ် (၈၂) အစုန်ရထားက မနက် (၁၁) နာရီအချိန်လောက်မှာ ရထားလမ်းမိုင်းခွဲခံထားရတဲ့နေရာမှာ ရထားတွဲတချို့ လမ်းချော်မှုဖြစ်ပွားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နောက်ဆက်တွဲသတင်းများအရ အဆိုပါ မော်လမြိုင် – ရန်ကုန် အမှတ် (၈၂) အစုန်ရထားတွင် ရထားစက်ခေါင်းအပါအဝင် ရထားတွဲ (၁၅) တွဲပါဝင်ကြောင်း နှင့် ရထားလမ်း မိုင်းထောင်ဖောက်ခွဲခံထားရသည့်နေရတွင် ရထားစက်ခေါင်း နှင့် ရထားတွဲ (၂) တွဲမှာ တိမ်းမှောက်ခြင်းမရှိဘဲ၊ ရထားလမ်းချော်ကျခဲ့ကြောင်း နှင့် လူထိခိုက်မှုမရှိကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူများထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းတွင် ရထားလမ်း၊ လူစီး နှင့် ကုန် ရထားများ တိုက်ခိုက်ခံရမှုပေါင်း (၁၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။