ကရင်ပြည်နယ် မြဝတီ – ကျော်ခို့ – ထို့ကော်ကိုးလမ်းပိုင်းအား ပြန်လည်ပြုပြင်ရန်အတွက် ယနေ့ (ဇူလိုင် ၁၈) ရက်နေ့မှစ၍ (၃) ရက်ကြာ ခေတ္တပိတ်ထားမည်ဟု KNU/KNLA (PC) မှ အသိပေး ထုတ်ပြန်ထားသည်။
မိုးရွာသွန်းမှုကြောင့်ပျက်စီးနေသည့် မြေသားလမ်းပိုင်းများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် အဆိုပါ မြဝတီ – ကျော်ခို့ – ထို့ကော်ကိုးလမ်းအား ဇူလိုင်လ (၁၈) ရက်နေ့မှ ဇူလိုင်လ (၂၀) ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း၊ မည်သည့်ယာဉ်ကြီး၊ ယာဉ်ငယ်ကိုမှ ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း KNU/KNLA (PC) မှ ဆိုထားသည်။
မော်လမြိုင် – မြဝတီ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက “ဒေါနတောင်ကျော်လမ်းတွေက မြေသားလမ်းတွေဆိုတော့ မိုးရွာတာနဲ့ လမ်းတွေက ပျက်ကုန်တယ်။ ကားသေးတွေသွားမရတော့ဘူး။ 4 Wheel ကားတွေ၊ ကားအမြင့်တွေတောင် ခက်ခက်ခဲခဲသွားလာနေကြရတယ်” ဟု ပြောသည်။
လက်ရှိတွင် မြဝတီ – ကျော်ခို့ – ထို့ကော်ကိုးလမ်းအား ပြုပြင်ရန် လမ်း (၃) ရက်ပိတ်ထားမည်ဆိုထားသော်လည်း (၃) ရက်မက ကြာနိုင်ကြောင်း ၎င်းကားသမားက သုံးသပ်ပြောကြားသည်။
မြဝတီ – ကော့ကရိတ် အာရှလမ်းသစ်အား ပိတ်ထားဆဲဖြစ်သည့်အတွက်ကြောင့် နယ်စပ်မှ ကုန်စည်များသယ်ယူပို့ဆောင်ရန်နှင့် ခရီးသည်များသွားလာရန်အတွက် မော်တော်ယာဉ်များအနေဖြင့် ဒေါနတောင်ကျော်လမ်းများဖြစ်ကြသည့် မြဝတီ – ကျော်ခို့ – ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ သစ်ကတေ – ကြက်ဥတောင်လမ်းတို့မှ သွားလာနေကြသော်လည်း ယင်းလမ်းများမှာ မြေသားလမ်းများဖြစ်သည့်အတွက် ခက်ခက်ခဲခဲသွားလာနေကြရသည်။