တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဂဠုန်စစ်ကြောင်းဦးစီး၍ မဟာမိတ်စစ်ကြောင်းရဲဘော်များပါဝင်တက်ရောက်ခဲ့သည့် အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇူလိုင်လ (၁၄) ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ကျုံဒိုးမြို့နယ် တပ်မဟာ (၆) နယ်မြေ၊ KNDO တပ်ရင်း (၆) ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အခြေခံစစ်ပညာသင်တန်း အား ဂဠုန်စစ်ကြောင်း မှ ဦးစီး၍ ပြီးခဲ့သည့် ဧပြီလ မှ ဇူလိုင်လအထိ (၃) လတာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
၎င်းအပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ မဟာမိတ်တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (AD) မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) / တအောင်းတပ်မတော် (TNLA) မှ ပြင်ပ မဟာမိတ် စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး တာဆငည်းလေး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၆) တပ်ရင်းမှူး မန်းဂျော်နီ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်း တပ်ရင်းအမှတ် – ၉၉၀၈ ၏ ဒုစစ်ကြောင်းမှူး စိုးဝင်း တို့မှ တက်ရောက်ကာ မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းကို ကျားဖြူတပ်ခွဲ – ၃ ၊ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) Lion Battalion အထူးကွန်မန်ဒိုစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ တက်ရောက်ပညာသင်ကြားခဲ့ကြကြောင်း သိရသည်။