မြန်မာနိုင်ငံ၏ အထွေထွေအကျပ်အတည်းများကြောင့် ယခုလအတွင်း ထိုင်းကုမ္ပဏီများ ထွက်ခွာမှုသည် ပရောဂျက် ၅၀ ခန့် ဆုံးရှုံးသွားခဲ့ပြီး မြန်မာ့စီးပွားရေးအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် စီးပွားရေးမတည်ငြိမ်မှုတို့ ပိုမိုမြင့်တက်လာချိန်တွင် ထိုင်းစတော့အိတ်ချိန်း၌ မှတ်ပုံတင်ထားသည့် ထိုင်းကုမ္ပဏီအချို့သည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ လုပ်ငန်းများကို ရပ်နားခဲ့ကြပြီး ပြန်လည်ထွက်ခွာနေသည်ဟု Thaiger သတင်း ဝက်ဘ်ဆိုက်က ဖော်ပြသည်။
မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်မတို့၏ ပဋိပက္ခမှာ အရှိန်လျော့ကျလာမည့် အရိပ်အယောင်မရှိသဖြင့် TPBI Public Company Limited သည် ဇူလိုင် ၈ ရက်တွင် ၎င်း၏လက်အောက်ခံ TPBI & Myanmar Star Company Limited ကိုဖျက်သိမ်းခဲ့သလို Christiani & Nielsen (Thai) Public Company Limited နှင့် General Engineering Public Company Limited တို့သည်လည်း မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဖျက်သိမ်းခဲ့ကြသည်။
ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများသည် ဒေါ်လာ ၁၁ ဒသမ ၆ ဘီလျံတန်ဖိုးရှိ ပရောဂျက် ၁၅၅ ခုရှိခဲ့ရာမှ ဒေါ်လာ ၄ ဒသမ ၄၅ ဘီလျံသာ တန်ဖိုးရှိသည့် ပရောဂျက် ၁၀၅ ခုအထိ ကျဆင်းသွားမှုနှင့်အတူ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူများဖြစ်သည့် ထိုင်းကုမ္ပဏီများသည် လက်ရှိတွင် ပဉ္စမနေရာသို့ ကျဆင်းသွားခဲ့ပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ဒေါ်လာ ၇ ဘီလျံ (ဘတ် ၂၅၃ ဘီလျံ) ကို ပြန်လည်ထုတ်ယူရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ထိုင်းနှင့်မြန်မာအကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၃ ဘီလျံရှိခဲ့ပြီး ထိုပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ၁၀ ဒသမ ၄၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်ဟု Prachachat သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။