ကျိုက်မရောမြို့နယ် ဓမ္မသစစ်ဘေးဒဏ်မှ မီးလောင်ဖျက်ဆီးခံထားရသည့်နေအိမ်တချို့ အကူအညီ တစ်စုံတစ်ရာမရသေးကြောင်း ကာယကံရှင်အချို့က ပြောသည်။
ဂျိုင်းမြစ်ဝှမ်းဒေသနှင့် ဆက်စပ်ဒေသများမှ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်ဒေသခံပြည်သူများအား လတ်တလော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုများလုပ်ဆောင်ပေးလျှက်ရှိသော်လည်း ဓမ္မသကျေးရွာမှ နေအိမ်များ မီးလောင်ဖျက်ဆီးခံခဲ့ရသည့် ဒေသခံတချို့မှာမူ အထောက်အပံ့များ မရရှိကြသေးကြောင်း ဓမ္မသကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။
“ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ရက်နေ့က ချောင်းဆုံမြို့နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးဒဏ်သင့် မိသားစုတွေကို တစ်အိမ်ထောင်စုကို ကျပ်နှစ်သိန်းခွဲနှုန်းနဲ့ ပေးသွား တယ်။ ကျမတို့က သိတာနောက်ကျသွားပြီး အဲ့ဒီဘုန်းကြီးကျောင်းကို ရောက်သွားတာနောက်ကျသွားတယ်။ အဲ့ဒီရောက်တော့ စာရင်းတင်ထားတဲ့သူတွေကိုဘဲ ပေးတယ်။ စာရင်းမပါတဲ့သူတွေကို မပေးဘူးဆိုတော့ ကျမတို့တွေ ထောက်ပံ့ငွေမရလိုက်ကြဘူး” ဟု ၎င်းဓမ္မသကျေးရွာဒေသခံက ပြောသည်။
စစ်ဘေးသင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်တချို့မှာ ကူညီထောက်ပံ့သူများနှင့် အလှမ်းဝေးသည့်နေရသို့ ရောက်နေခြင်း၊ သတင်းအချက်အလက်ရရှိမှု နှောင့်နှေးခြင်း၊ မီးလောင်ပြင်ဖြစ်သွားသည့် ဓမ္မသကျေးရွာသို့ ပြန်လာပြီး ယာယီ တဲအိမ်ဆောက်လုပ် ထားကြသူများကိုသာ ကူညီထောက်ပံ့ပေးခြင်း စသည့်အချက်များအကြောင့် နေအိမ်လုံးဝမရှိသဖြင့် အခြားနေရာဒေသသို့ ရောက်ရှိနေသော ဓမ္မသစစ်ဘေးရှောင်တချို့မှာ အကူအညီ တစ်စုံတစ်ရာမရသေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
စစ်ဘေးသင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒေသခံပြည်သူများအနေဖြင့် နေအိမ်များမီးလောင်ဖျက်ဆီးခံရပြီး (၃) လကျော်ကြာသည်အထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်းမရှိသည့်အပြင် စားဝတ်နေရေးအတွက်လည်း အခက်အခဲများ ကြုံတွေ့နေရသည့်အတွက်ကြောင့် အကူအညီများလိုအပ်နေကြာင်း ယင်းဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ခြင်းမရှိသည့် စစ်ဘေးသင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒေသခံပြည်သူများအနေဖြင့် မော်လမြိုင်၊ ချောင်းဆုံ အစရှိသည့်မြို့များတွင် အဆင်ပြေသလို နေထိုင်နေကြရဆဲဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးခြင်းမရှိသည့်အပြင် အခြားအရပ်ဖက်အဖွဲ့မှ အကူအညီရရှိမှုနည်းပါးခြင်းကြောင့် စစ်ဘေးဒဏ်သင့် ဓမ္မသကျေးရွာတွင် ယာယီနေအိမ်ဆောက်လုပ်နိုင်သူများမှာ ဆယ်ဂဏန်းခန့်သာ ရှိသေးကြောင်း သိရသည်။
ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် မတ်လအတွင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မတ်လ (၂၇) ရက်နေ့က စစ်ကောင်စီရေတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် အိမ်ခြေ (၄၁၆) လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီရေးဆိုင်ရာအဖွဲ့မှ ထုတ်ပြန်ထားချက်အရ သိရသည်။