ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၌ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သားပြည်သူ (၁၃၀) ကျော်သေဆုံးခဲ့ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ ထုတ်ပြန်သည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံအရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်မှ လေကြောင်းနှင့်တိုက်ခိုက်ခြင်းများအပါအဝင်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း (၂၃၀၀) ထက်မနည်း ကျူးလွန်ခဲ့ကြောင်း။
စစ်ကောင်စီတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ ကျူးလွန်မှုကြောင့် ဒေသခံအရပ်သားပြည်သူ (၁၃၄) ဦးသေဆုံးခဲ့ရပြီး၊ (၄၃၉) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒေသခံအရပ်သားပြည်သူ (၉၆) ဦးမှာလည်း ဖမ်းဆီးခြင်းခံထားရကြောင်း နှင့် ဒေသခံအရပ်သားပြည်သူ (၇) ဦးမှာလည်း လမ်းပြပေါ်တာအဖြစ် အတင်းအဓမ္မခိုင်းစေခြင်းခံခဲ့ရကြောင်း။
ထို့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းအပါအဝင် ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဘုန်းကြီးကျောင်း (၂၃) ကျောင်း၊ စာသင်ကျောင်း (၁၄) ကျောင်း၊ ဆေးပေးခန်း (၂) ခန်း၊ ဆေးရုံ (၂) လုံး အပါအဝင် လူနေအိမ် (၁၀၂၄) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း။
ထိုသို့ အရပ်သား ဒေသခံပြည်သူများအပေါ် စစ်ကောင်စီတပ်မှ ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနှင့် အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်ကာ ပြည်သူလူထု၏ ရခိုင်ခွင့် အခွင့်အရေးများအား ကျူးလွန်နေသည့်အတွက်ကြောင့် စစ်တပ်မှ အာဏာသိမ်းထားသည့် ကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူပေါင်း တစ်သန်းကျော်အထိရှိလာကြောင်းလည်း ကေအဲန်ယူ (ဗဟို) က ထုတ်ပြန်သည်။
၎င်းအပြင် ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်း KNLA/KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၁၈၂၇) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၁၉၀၃) ဦးသေဆုံးခဲ့ပြီး (၁၂၇၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ယင်းတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDO အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ (၈၁) ဦးကျဆုံးခဲ့ပြီး (၂၉၈) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) မှ ထုတ်ပြန်သည်။