မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်ရေးအတွက် စနစ်သစ် ပုံစံအသစ်ဖြင့် ပြေးဆွဲသည့် ရန်ကုန်-ရနောင်း ကွန်တိန်နာသင်္ဘော သည် ရနောင်းမှ ရန်ကုန်သို့ ယမန်နေ့က ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်၊ စနစ်အသစ်၊ ပုံစံအသစ်ဖြင့် ပြေးဆွဲနေသည့် ရန်ကုန် – ရနောင်းကွန်တိန်နာသင်္ဘောသည် ကုန်ပစ္စည်းတင်ဆောင်နိုင်ရန် စောင့်နေရသည်မှာ အချိန်ကြန့်ကြာလွန်းသဖြင့် ကုန်သည်များအဖို့ တွက်ချေမကိုက်ကြဟု ဆိုသည်။
ကုန်သည်တစ်ဦးက “ ရနောင်းမှာ စောင့်ရတာ ရက်တွေအတော်ကြာသွားတယ် ၁၀ ရက်တောင်ကြာသွားတယ်၊ ကွန်တိန်နာထားမယ့်နေရာ၊ ကားခ၊ တည်းခိုခ၊ အသွားအလာ လမ်းစရိတ် အကုန်အကျ အရမ်းများခဲ့တယ်၊ ရနောင်းမှာ ပစ္စည်းထားမယ့် နေရာအခက်အခဲရှိတယ်၊ ဘုရားသုံးဆူတို့ မြဝတီတို့မှာက ဒီလောက်အထိ ရက်တွေအကြာကြီး မစောင့်ခဲ့ရဘူး၊ ဒါပေမယ့် ကုန်းလမ်းဝင်ထွက် ပေါက်တွေအကုန်လုံး ပိတ်ထားတော့ ရေလမ်း ပုံစံအသစ်ကို အရင်ပို့စမ်းကြည့်တာပေါ့နော်” ဟု ပြောသည်။
ကွန်တိန်နာသင်္ဘော MV BEPORE SULTAN ဖြင့် ရနောင်းဆိပ်ကမ်းမှ ၄၉၀ တန်ပါ ကွန်တိန်နာ ပေ ၄၀ ၁၆ လုံး၊ ပေ၂၀ ၁၉ လုံး ပြန်လည်တင်ဆောင်၍ ယမန်နေ့က ကော့သောင်း Myanamr Check Point တွင် အစစ်ဆေးခံကာ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
အဆိုပါ ကွန်တိန်နာသင်္ဘောသည် ရန်ကုန်မြို့ အလုံဆိပ်ကမ်းမှ ဇွန် ၂၈ ရက်တွင် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပြောင်းဆံများ စတင် တင်ပို့လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့ အထိ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် မြန်မာ-ထိုင်းနယ်ခြားကော်မတီ အစည်းအဝေးမှ ရနောင်း-ရန်ကုန် ကွန်တိန်နာသင်္ဘောပြေးဆွဲသည့် စနစ်သစ် ပုံစံအသစ် နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းသစ်ကို ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နွေရာသီကာလအတွင်း တိုက်ပွဲများကြောင့် မြဝတီ – ကော့ကရိတ်အာရှလမ်းပိတ်ထားရသည့် အခြေအနေတွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ထိုင်းဘတ်ငွေဈေးနှုန်းပါ တရှိန်ထိုးမြင့်တက်လာသည့်အတွက် နယ်စပ်ကုန်သည်များနှင့် လုပ်ငန်းရှင်အများအပြား ကုန်သွယ်ရးလုပ်ငန်းများရပ်ဆိုင်းကာ အခြေအနေကို စောင့်ကြည့်နေကြသည်။