မဲဆောက်မြို့မှ မြဝတီမြို့သို့ ပို့ဆောင်မည့် အင်တာနက် ဆက်စပ်ပစ္စည်း အစုံ ၄၀၀ ကို ထိုင်းအာဏာပိုင်များက ဇူလိုင် ၁၁ ရက်နေ့တွင် မော်တော်ယာဉ်တစ်စီး ပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဘက်ခြမ်းသို့ပို့ဆောင်မည့် အင်တာနက် ဆက်သွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား ဖမ်းဆီးခဲ့သည်နှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များက မဲဆောက်မြို့ရှိ အကောက်ခွန်ရုံးတွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
အင်တာနက်အသုံးပြုသည့် ဆက်သွယ်ရေးတိုင်အပါအဝင် ဆက်စပ်ပစ္စည်း အစုံ ၄၀၀၊ အစိတ်အပိုင်းအားဖြင့် အခုရေ ၂၅၀၀ ရှိသော ဆက်သွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မော်တော်ယာဉ်တစ်စီးနှင့်အတူ မဲဆောက်မြို့ အမှတ် ၇ ရပ်ကွက်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။
အလားတူ ဇွန် ၁၃ ရက်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ်စည်းအနီး မဲဆောက် ခရိုင် အမှတ် ၃ ကျေးရွာတွင် မြန်မာဘက်သို့ ပို့ဆောင် မည် ဟုယူဆရသော တရားမဝင်ဖုန်း ၁၀၆၂ လုံး ကိုလည်း ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။