မော်လမြိုင်မြို့၌ ဘဏ်များမှ ငွေကြေးထုတ်ယူရ အခက်အခဲဖြစ်နေသည့်အပြင် Kpay, Wave Money ငွေသားထုတ်ယူရာတွင် အခက်အခဲဖြစ်နေပြီး ရာခိုင်နှုန်းပိုပေး၍ ထုတ်ယူနေကြရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
မော်လမြိုင်မြို့ခံတစ်ဦးက “Kpay ကနေ ငွေထုတ်ချင်ရင် အရင်လို တစ်သိန်းကို ငါးရာကျပ်ဘဲပေးရတယ်။ အခုက အနည်းဆုံး (၃) ရာခိုင်နှုန်းကနေ အများဆုံး (၇) ရာခိုင်နှုန်းအထိပေးနေရတယ်။ တစ်နေရာနဲ့ တစ်နေရာတော့ မတူဘူး။ ဟိုးအရင်ကလိုမျိုး ကိုယ့်ငွေကို ရာခိုင်နှုန်းပေးပြီး ထုတ်ရတဲ့အခြေအနေမျိုးပြန်ဖြစ်နေတယ်” ဟု မော်လမြိုင်မြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဘဏ်တာဝန်ရှိသူများထံသို့ မေးမြန်းခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိခဲ့ပေ။
လုပ်ငန်းရှင်တစ်ဦးက “ဘဏ်တွေမှာပါ ငွေတစ်ခါထုတ်ရင် ငါးသိန်း၊ အလွန်ဆုံး ဆယ်သိန်းဘဲ ထုတ်ပေးတယ်။ အဲ့ဒီအပြင်ကို တစ်ရက်ကို တစ်ကြိမ်တည်း ထုတ်ယူခွင့်ပေးတယ်။ ကျနော်တို့က တခြားမြို့တွေကို ငွေလွှဲတာ၊ တခြားက လွှဲလာတဲ့ငွေကို ပြန်ထုတ်ရတာမျိုးတွေရှိတော့ ဘယ်လိုမှအဆင်မပြေဘူး” ဟု ပြောကြားသည်။
ထို့အပြင် ဘဏ်များတွင် Special Account များဖွင့်လှစ်ထားသော်လည်း ကျပ် ဆယ်သိန်းထက်ပို၍ ထုတ်ယူခွင့်မရကြောင်း နှင့် မိမိလုပ်ငန်းနှင့် ပတ်သက်ပြီး ငွေသွင်းငွေထုတ်ပြုလုပ်ရာတွင်လည်း အခက်အခဲများဖြစ်နေရကြောင်း ၎င်းလုပ်ငန်းရှင်က ဆိုသည်။