မော်လမြိုင်မြို့၊ မြေနီကုန်းကားဝင်းတွင် ပြည်သူ့စစ်အဖွဲ့မှ ခရီးသည်တစ်ဦးအား စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ပြီးနောက် ရွှေ၊ ငွေ နှင့် လက်ကိုင်ဖုန်းအား လုယက်ယူဆောင်သွားကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
“ကျနော်က ခရီးသွားဖို့အတွက် ပိုက်ဆံ (၁) သိန်းဘဲပါလာတာ။ ပိုက်ဆံ (၃) သိန်း မပါလာလို့ အိမ်ပြန်ယူပေးမယ်ပြောပြတယ်။ ဒါကို လက်မခံဘဲ ကျနော်မှာပါလာတဲ့ ငွေကျပ် (၁) သိန်းရယ်၊ (၅) သိန်းတန်လက်ကိုင်ဖုန်းရယ်၊ ငါးမူးသား ရွှေဆွဲကြိုးတစ်ကုံးကို အတင်းလုယူသွားပြီး ကားနဲ့ ပြန်ထွက်သွားကြတယ်”
ပြီးခဲ့သည့် ဇူလိုင်လ (၁၀) ရက်နေ့ နံနက်စောစော (၃) နာရီအချိန်ခန့်က ၎င်းမှာ ရန်ကုန်သို့ သွားရောက်ရန် မြေနီကုန်းကားဝင်းသို့ ရောက်ရှိနေစဉ် 1I/6254 နံပါတ်တတ်ထားသည့် Honda Fit ခဲရောင်ကားတစ်စီးရောက်ရှိလာပြီး ယင်းကားပေါ်မှ လူ (၅) ဦးဆင်းလာကာ အချိန်မတော် အပြင်ထွက်သည့်အတွက် ဖမ်းမည်ဟု ပြောဆိုပြီး၊ အဖမ်းမခံလိုပါက ငွေကျပ် (၃) သိန်းပေးရမည်ဟု ၎င်းတို့မှ ပြောဆိုကြောင်း ယင်းခရီးသွားပြည်သူက ပြောကြားသည်။
“အရင်က ဖုန်းတွေထဲမှာ VPN တွေ့လို့ဆိုပြီး တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းစသည်ဖြင့်တောင်းကြတယ်။ မပေးရင် ဖမ်းဆီးပြီးတော့ စစ်သားစုဆောင်းရေးကို ပို့မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေလုပ်ကြတယ်။ သူတို့ကို တရားဝင်လုပ်ကိုင်ခွင့်ပြုထားတာမျိုးလည်းမဟုတ်ဘူး။ ဒါကို ဘယ်သူကမှလည်း တာဝန်မခံကြဘူး” ဟု မော်လမြိုင်မြို့ခံ ပြည်သူတစ်ဦးက ပြောကြားသည်။
မော်လမြိုင်မြို့ပေါ်တွင် ညပိုင်းအချိန်များ၌ စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် ပြည်သူ့စစ်ဆိုသူများမှ အများပြည်သူအား အကြောင်းမဲ့ ခြိမ်းခြောက်ဖမ်းဆီးကာ နှိပ်စက်ခြင်း နှင့် ပြန်ပေးဆွဲသည့် သဘောမျိုးကျူးလွန်နေကြကြောင်း မြို့ခံပြည်သူများက ဆိုကြသည်။