ရေးမြို့နယ် တူးမြောင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးသည် စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိခဲ့ရာမှ ခြေထောက်ဖြတ်တောက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
တူးမြောင်းကျေးရွာ အခြေစိုက် ခမရ – ၅၈၆ တပ်ရင်းအနီး မျှစ်သွားချိုးစဉ် ပြီးခဲ့သည့် ဇူလိုင်လ (၇) ရက်နေ့က အသက် (၅၀) နှစ်အရွယ် ၄င်းအမျိုးသမီးတစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မြေမြှုပ်မိုင်းနင်းမိတဲ့ ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်ပိုင်းက ပြတ်သွားတယ်။ ညာဘက်ခြေထောက်မှာလည်း မိုင်းစထိမှန်ဒဏ်ရာတွေ ရသွားတယ်။ သူ့ကို ရေးမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးခဲ့ပြီးတော့ ခုဆိုရင်နေအိမ် ပြန်ရောက်လာပါပြီ”
အဆိုပါ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့သူ လူနာအမျိုးသမီးအား နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ၏ အကူအညီဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်းအတွင်းရှိ ကျန်းမာရေးဌာနတွင် ဆေးကုသမှုခွင့်ရရှိထားသော်လည်း ပို့ဆောင်ရန် အခက်အခဲများရှိနေသေးသည်ဟု ဆိုသည်။
“တပ်ကထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိထားတာဖြစ်တယ်၊ ICRC ကတော့ ဝယ်ဇင်စခန်းမှာရှိတဲ့ မွန်ကျန်းမာရေးဌာနကို ပို့ခိုင်းထားတယ်။ လောလောဆယ် ဝယ်ဇင်စခန်းကို သွားဖို့က အခက်အခဲဖြစ်နေကြတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးပဋိပက္ခဖြစ်ပွားမှုများ ပိုမိုများပြားလာသည့် ရေးမြို့နယ်အတွင်း လုံခြုံရေးအခြေအနေ နှင့် စစ်ဆေးရေးတင်းကြပ်ထားမှုကြောင့် လူမှုကူညီကယ်ဆယ်ရးအသင်းအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအား အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေကြရကြောင်း ယင်းဒေသအခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ယခုနှစ် မွန်ပြည်နယ် အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုများကြောင့် သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ အမျိုးသမီးတစ်ဦး၊ ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းကျေးရွာမှ အမျိုးသားတစ်ဦး နှင့် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှ ယောက်ျားလေးတစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။