စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံအပေါင်းအပါအုပ်စုများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဇွန်လအတွင်း တစ်နိုင်ငံလုံး၌ အမျိုးသမီး (၇၀) ဦးနီးပါး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ မှ ဇူလိုင်လ (၁၀) ရက်နေ့က ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် (၄၄) ဦး၊ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် (၁၆) ဦး၊ အကြောင်းမဲ့သတ်ဖြတ်မှုများကြောင့် (၅) ဦး နှင့် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် (၂) ဦး စုစုပေါင်း (၆၇) ဦးဖြစ်ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့က ဆိုထားသည်။
၄င်းအမျိုးသမီးအများစုမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂၈) ဦး၊ ရခိုင်ပြည်နယ်အတွင်း (၁၃) ဦး၊ ရှမ်းပြည်နယ်အတွင်း (၁၁) ဦး၊ မကွေးတိုင်းဒေသကြီးအတွင်း (၇) ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်း (၄) ဦး၊ ပဲခူးတိုင်းဒေသကြီး နှင့်ကချင်ပြည်နယ်အတွင်း (၂) ဦးစီးဖြစ်ကြောင်း နှင့် သေဆုံးခဲ့ရသည့် အမျိုးသမီးများထဲတွင် အသက် (၁၈) နှစ်အေက် အမျိုးသမီး (၁၄) ဦးပါဝင်ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ ထုတ်ပြန်ထားသည်။
အမျိုးသမီးများ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုနှုန်းမှာ ပြီးခဲ့သည့် မေလထက် ထက်ဝက်နီးပါးတိုးလာသည့်အပြင် အထက်ပါလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အတူ ထောင်အတွင်း နှိပ်စက်ခံရမှု၊ မုဒိမ်းပြုကျင့်ခံရမှုများကြောင့်လည်း အမျိုးသမီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့က ထုတ်ပြန်ထားချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကိုင်း၊ မန္တလေး နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း အမျိုးသမီး (၁၀) ဦးမှာလည်း အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ဖမ်းဆီးခံရသည့် အမျိုးသမီးများထဲမှ (၈) ဦးမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းပန်သည့်အတွက် ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် အမျိုးသမီးများ ဖမ်းဆီးခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အရေအတွက်မှာ ယခုအခြေအနေထက် ပိုမိုများပြားနိုင်ကြောင်းလည်း မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့ က ထုတ်ပြန်ထားသည်။