မကြာမီက နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရရှိလာခဲ့သော မွန်တိုးတက်ရေးပါတီအပါအဝင် ပြည်ခိုင်ဖြိုး USDP ပါတီနှင့် နောက်လိုက်အပေါင်းအပါ နိုင်ငံရေးပါတီ (၂၃) ခုတို့က MNDAA/TNLA/AA တို့အား ယနေ့ရက်စွဲဖြင့် ကြေညာချက်တရပ် ထုတ်ပြန်၍ ကန့်ကွက်ရှုံ့ချထားကြောင်း တွေ့ရသည်။
ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ ၁၀၂၇ ဒုတိယလှိုင်းအမည်ဖြင့် MMDAA/TNLA/ AA နှင့် ဆက်စပ်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ယင်းတို့၏လုပ်ရပ်များကို ဆန့်ကျင်၊ ရှုံ့ချ၊ ကန့်ကွက်ပါကြောင်း ကျွန်ုပ်တို့နိုင်ငံရေးပါတီများက လက်မှတ်ရေးထိုး ပူးတွဲသဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ဖော်ပြသည်။
အဆိုပါကြေညာချက်တွင် USDP ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်ရီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) အတွင်းရေးမှူး၊ ဦးခေါတိန့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဌ ဦးဟန်ရွှေ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဥက္ကဌ ဦးအေးကြိုင်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဦးလီပေါ်ရဲ့၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဦးသန်းဌေး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးထွန်းအောင်၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ(ကျားဖြူပါတီ) တွဲဖက် အတွင်းရေးမှူး ဦးစိုင်းအောင်မြင့်ခိုင်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစံသာအောင်၊ ခူမီး အမျိုးသားပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်ဘနှင့် မွန်တိုးတက်ရေးပါတီ ဥက္ကဌ ဦးမင်းမျိုးတင့်လွင်တို့ လက်မှတ်ရေးထိုးထားကြောင်း တွေ့ရှိသည်။
မွန်တိုးတက်ရေးပါတီကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်အမှတ်( ၄၈ ) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရာဇဓိရာဇ်လမ်း၊ ရတနာဒီပရပ်ကွက်၊ အမှတ် (၉) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။