ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီ၏ လေယာဉ်ပစ် လက်နက် ၂ လက် အပါအဝင် လက်နက်မျိုးစုံ ၆၀၀ ကျော်နှင့် ခဲယမ်းအမြောက်အများကို ယမန်နေ့က သိမ်းပိုက်ရရှိပြီး မြို့ကိုအလုံးစုံထိန်းချုပ်ထားကြောင်း TNLA က ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ဇူလိုင် ၁၁ ရက်နေ့က TNLA နှင့် ပူးပေါင်းတပ်ဖွဲတို့၏ ပထမဆုံး သိမ်းပိုက်ရရှိသည့် မြိုအဖြစ် နောင်ချိုမြိုကို အလုံးစုံ ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။
ဇွန်လ ၂၅ ရက်နေ့မှစတင်၍ နောင်ချိုမြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် နောင်ချိုမြို့ရှိ တပ်စခန်းအားလုံးကို TNLA နှင့် MDY PDF၊ DPLA ပူးပေါင်းတပ်ဖွဲတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လေယာဉ်ပစ်လက်နက် ၂ လက်၊ Radar စက် ၁ လုံး၊ လက်နက်မျိုးစုံ ၁၃၉ လက်၊ 60 MM ၁၅ လက်၊ 80 MM ၂ လက်၊ ဆလက် ၁၇ လက်၊ ဒုံးပစ်ကျည် ၁၀ သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများ၊ လက်နက်မျိုးစုံ ၆၀၀ ကျော်နှင့် စစ်သုံးဆောင်ပစည်းများကို ရှင်းလင်းသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
နောင်ချိုမြို့မှ ခမရ ၁၁၄ တပ်ရင်း၊ ခမရ-၁၁၅၊ ဒုံးတပ်ရင်း – ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများအားလုံး သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။