ရေးမြို့နယ် အာယုတောင်ကျေးရွာမှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဆွေမျိုးတော်စပ်သူများက ပြောသည်။
အာယုတောင်ကျေးရွာ၊ အမှတ် (၄) ရပ်ကွက်နေ အသက် (၅၈) နှစ်အရွယ် နိုင်ဝင်းသည် ဇူလိုင်လ (၇) ရက်နေ့ နံနက် (၉) အချိန်တွင် ခြံထဲမှကွမ်းသီးတင်ဆောင်၍ မော်တော်ဆိုင်ကယ်ဖြင့် အိမ်သို့ပြန်လာစဥ် လမ်းတွင်သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
“နိုင်ဝင်း ရဲ့ ကျောကုန်းဘက်မှာ သေနတ်ဒဏ်ရာ (၈) ချက်ရပြီးသေတယ်။ မွန်းလွဲပိုင်းမှာဘဲ သူ့အလောင်းကို အာယုတောင် သုဿာန်မှာ ချက်ချင်းမီးသင်္ဂြိုဟ်လိုက်ကြတယ်” ဟု ပြောသည်။
နိုင်ဝင်း၏ ရုပ်အလောင်းကို ရေးမြို့နယ်ဆေးရုံမှ အတည်ပြုချက်ရယူခြင်း မပြုတော့ဘဲ အာယုတောင်သုဿာန်၌ အမြန်မီးသင်္ဂြိုဟ်ခဲ့ရသည်မှာ စစ်တပ်နှင့် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် တို့၏ ဖိအားပေးမှုကြောင့်ဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။
၄င်းက“ကင်းပုန်းဝပ်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ်တွေ ပစ်တာလို့ တရွာလုံးပြောနေကြတယ်၊ ဒါပေမယ့် ဘာသက်သေမှ မပြနိုင်ပါဘူး၊ သေတဲ့လူက သေသွားပြီ ကျန်တဲ့လူတွေ ပြဿနာထပ်ဖြစ်မှာစိုးလို့ တိတ်တိတ်နေလိုက်ရတယ်၊ ရွာကလူကြီးတွေက အမြန်မီးသင်္ဂြိုဟ်ခိုင်းတယ်” ဟု ဆိုသည်။
ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်မှုကြောင့် နိုင်ဝင်းသေဆုံးခဲ့ရသည်ဟု ရွာသားများက ယူဆပြောဆိုကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။