ရေးမြို့နယ် မော့ကနင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်စီး အမည်မသိသေနတ်သမား ၂ ယောက်က လာရောက် ပစ်သတ်သွားပြီးနောက် အသတ်ခံရသူအား မူးယစ်ဆေးရောင်းချသူ စစ်တပ်သတင်းပေးဟု သတင်းလွှင့်ထားကြောင်း Online သတင်းများတွင် တွေ့ရသည်။
မော့ကနင်ကျေးရွာ ကားဆိပ်ပိုင်းနေ အသက် ၃၀ အရွယ် ဒေါ်နှင်းယုလှိုင်အား အမည်မသိ သေနတ်သမား နှစ်ဦးက ဇူလိုင် ၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် နေအိမ်သို့ ဆိုင်ကယ်ဖြင့် ရှောင်တခင်ရောက်ရှိလာပြီး ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ဆီမှာ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပြီ၊ စိတ်မထင်ရင် မထင်သလို သတ်ဖြတ်မှုတွေ ဖြစ်နေတယ်၊ လုံခြုံမှုလည်း မရှိပါဘူး၊ ရွာအုပ်ချုပ်မှူးလည်း ပုန်းနေရတယ်” ဟု မော့ကနင်ရွာသားတစ်ဦးက ပြောသည်။
သေနတ်သမားပစ်ခတ်မှုကြောင့် ဒေါ်နှင်းယုလှိုင်သည် ဦးခေါင်းနောက်စေ့ကျည်ထိမှန် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း ၄င်းက ဆက်ပြောသည်။
“ရဲနဲ့စစ်တပ်သတင်းပေးလိုလို မူးယစ်ဆေးဝါး ရောင်းချနေသူလိုလို Online မှာ သတင်းလွှင့်ထားကြတယ်၊ အဖြစ်မှန်ကိုတော့ ဘယ်သူမှ မသိရသေးပါဘူး၊ လူလည်းအသတ်ခံရ မကောင်းသတင်းလည်း လွှင့်ခံရ ဘယ်ဟာက တရားမျှသလဲတော့ မပြောချင်ပါဘူး ”
အခင်းဖြစ်ပွားရာသို့ အနီးအနားရှိ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးအရ ရောက်ရှိလာကြပြီး မသကႅာဖွယ်ရာများကို မေးမြန်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများနှင့် စကားပြောဆိုရာတွင် အဆင်ပြေမှုမရှိကြသဖြင့် သေနတ်ဒင်နှင့်ထုရိုက်ပြီး ထိုးကြိတ်ကန်ကျောက်မှုများရှိကြောင်း သိရသည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းကာလများအတွင်း လမိုင်းမြို့နှင့် အနီးတဝိုက်ပတ်ဝန်းကျင်ရှိ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ပုံနှင့် နှစ်ကရင်ကျေးရွာတို့တွင် တရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီး လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သတင်းမှတ်တမ်းများက ဖော်ပြနေသည်။
ထို့ပြင် မွန်ပြည်နယ်၌ ရေးမြို့နယ်ကို တစ်ခုတည်းသော စစ်အုပ်ချုပ်ဒေသအဖြစ် စစ်ကောင်စီမှ အမိန့်ထုတ်ပြန် သတ်မှတ်ထားသည်။