နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress- KNG ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိသည်ကို တွေ့ရှိရတာကြောင့် စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကော်မရှင် UEC ကနေ မနေ့ (ဇူလိုင် ၈ ရက်) မှာ ငြင်းပယ်လိုက်တယ်လို့ ကြေညာချက် ထုတ်လာပြန်ပါတယ်။
အားကောင်းတဲ့ ညီအစ်ကိုယ် ကချင်တိုင်းရင်းသားပါတီ KNG လိုဘဲ ရခိုင်ပြည်နယ်မှာ NLD ပါတီထက်တောင် လူထုထောက်ခံမှုပိုမိုအားကောင်းတဲ့ ရခိုင်အမျိုးသားပါတီ ANP နဲ့ ချင်းပြည်နယ်က ချင်းပြည်သူ့ပါတီကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်ကောင်စီရဲ့ UEC က နိုင်ငံရေးပါတီတည်ထောင်ခွင့် ငြင်းပယ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီ SAC က ပြင်ဆင်နေတဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီ USDP ကို မည်သည့်ပါတီမှ ယှဥ်ပြိုင်လို့မရအောင် ပြည်နယ်တွေမှာ အင်အားကောင်းတဲ့ တိုင်းရင်းသားပါတီတွေကို ပါတီတည်ထောင်ခွင့် ငြင်းပယ်နေတာ ဖြစ်နိုင်တယ်လို့ တိုင်းရင်းသား လူမျိုးများစင်တာ ENAC ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ပညာမွန်က ခုလို သုံးသပ်ပါတယ်။
“အင်အားကောင်းတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်ကောင်စီရဲ့ USDP ပါတီကို ယှဥ်ပြိုင်လို့ မရနိုင်အောင် ဒါကို သူတို့လုပ်နေတာ၊ သူတို့ ကြံစည်နေတာ၊ ဥပမာ MUP ဆိုရင် မွန်ပြည်နယ်မှာ ဘယ်လိုဘဲပြောပြောပေါ့နော်၊ သူတို့မှာလည်း Majority ဖြစ်နိုင်တယ် Majority မဖြစ် နိုင်တောင်မှ တကယ့် အားကောင်းတဲ့ အတိုက်အခံပါတီ ဖြစ်လာနိုင်တဲ့ အခါကျတော့ ဒါက USDP အတွက်ကတော့ တော်တော်ကို ခြိမ်းခြောက်မှု အကြီးကြီး တခုဖြစ်လာနိုင်တယ်လို့ ကျနော်အဲဒီလို သုံးသပ်တာပေါ့နော်။ ဒါကြောင့် MUP ကိုလည်း နိုင်ငံရေးပါတီ တည်ထောင်ခွင့် ငြင်းပယ်သွားမယ့် အနေအထားမျိုး ဖြစ်လာနိုင်တယ်”
မွန်ညီညွတ်ရေးပါတီ MUP မှ လူကြီးအများစုအနေဖြင့် မွန်အမျိုးသားတို့၏ ခရီးရှည်တော်လှန်ရေးမှ ၁၉၉၅ ခုနှစ်တွင် NMSP အပစ်အခတ်ရပ်စဲကာ ဥပဒေဘောင်သို့ ဝင်ရောက်လာခဲ့ပြီး ၂၀၁၀-၂၀၁၅-၂၀၂၀ ရွေးကောက်ပွဲများကို ဖြတ်သန်းလာခဲ့ကြသည်။ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း ဖြစ်ခဲ့ကြသည်။ ဤသို့ဆိုလျင် ပါတီတည်ထောင်ခွင့်ကို မည်သို့ငြင်းပယ်စရာ အကြောင်းရှိမည်နည်း။
အကယ်၍ ပါတီတည်ထောင်ခွင့် ငြင်းပယ်ခံရပါက MUP ခေါင်းဆောင်ပိုင်း လူကြီးများကိုလည်း ငဲ့ကွက်ထည့်တွက်နေစရာ လိုမည်မထင်ပါ။ ၄င်းတို့အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးကို လမ်းစဥ်ကို ပြန်လည်ရွေးချယ်ဖို့ဆိုတာ လက်တွေ့အရ အသက်အရွယ်အားဖြင့် လုံးဝမဖြစ်နိုင်တော့ပေ။
ဒေါက်တာပညာမွန်က ဆက်ပြောတာက “MUP က SAC နဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ကြတယ်လေ၊ နေပြည်တော်မှာ ဒေါက်တာဗညားအောင်မိုးက SAC Council အဖွဲ့ဝင်လည်းဖြစ်ခဲ့တယ်၊ မွန်ပြည်နယ်အဆင့်မှာ MUP အထွေထွေအတွင်းရေးမှူး နိုင်လယိတမကိုလည်း ထည့်ပေးထားတယ် လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ်လည်း ခန့်အပ်ခံထားရတယ်၊ SAC ကို ထဲထဲဝင်ဝင် ဒီလောက်အထိ ပူးပေါင်းနေတာတောင်မှ မှတ်ပုံ တင်ကို သူတို့ မချပေးဘူးဆိုရင် တော်တော်လေးအံ့သြဖို့ ကောင်းတာပေါ့နော်”
၂၀၂၁ ခုနှစ်က တတိယအကြိမ်ဖြစ်ပေါ်လာတဲ့ စစ်တပ်အာဏာသိမ်းမှုမှာ မိမိတို့ဖြတ်သန်းလာခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံများအရ မွန်တိုင်းရင်းသားတွေအနေနဲ့ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကို လျှောက်လှမ်းမယ်ဆိုလျင် အသက်သွေးချောင်းစီးမယ့် ဖြစ်ရပ်တွေ ရှိလာနိုင်တာကြောင့် စစ်ကောင်စီအဖွဲ့ထဲမှာ ပါဝင်သွားပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမယ့်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ခဲ့ရတာလို့ ကွယ်လွန်သူ MUP ဥက္ကဌဟောင်း နိုင်တင်အောင်က သူ့ရဲ့ အင်တာဗျူးနဲ့ မိန့်ခွန်းတွေမှာ မကြာခဏ ထည့်သွင်း ပြောကြားခဲ့ဘူးပါတယ်။
အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရဲ့ ကမ်းလှမ်းလာမှုကို လက်ခံလိုက်ပြီး အဲဒီကာလတွေမှာ MUP ကိုယ်စားလှယ်ပေးပို့ခဲ့တာနဲ့ ပတ်သက်လို့ ဗဟိုအလုပ်အမှုဆောင်အချို့ ဗဟိုကော်မတီနဲ့ မြို့နယ်ကော်မတီ အမာခံ ပါတီဝင် ၅၀ ကျော်လောက် MUP ကနေ အစုလိုက်အပြုံလိုက် ကျောခိုင်းထွက်ခွာသွားခဲ့တာလည်း ရှိပါတယ်။
MUP ပါတီကိုကျောခိုင်းထွက်ခွာသွားခဲ့တဲ့ အမည်မဖော်လိုသူ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက “MUP အနေနဲ့ ပါတီတည်ထောင်ခွင့် ခွင့်ပြုချက် ကျခဲ့မယ်ဆိုရင်လဲ ဒီရွေးကောက်ပွဲစနစ်နဲ့သွားနေမယ်ဆိုရင် ပြည်သူ့ဆန္ဒနဲ့ တထပ်ထဲမကျတဲ့အတွက် MUP အတွက်ကလည်း ပိုပြီးတော့ အခက်အခဲဖြစ်လာနိုင်တယ်၊ ရွေးကောက်ပွဲက ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြန်ဝင်ရမှာ ဖြစ်တယ်၊ PR စနစ်နဲ့ ရွေးကောက်ပွဲ လုပ်မှာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲက လက်ရှိအခြေအနေကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ နောက် ပြည်သူလူထုတွေကလည်း ဒီကိစ္စကို ကျေနပ်မှာလည်း မဟုတ်ဘူး၊ ဒီရွေးကောက်ပွဲကိုလည်း ကမ္ဘာက အသိအမှတ်ပြုမှာ မဟုတ်ဘူးပေါ့နော်”
သို့ရာတွင် ရွေးကောက်ပွဲကျင်းပသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ဖော်ဆောင်နိုင်ခြင်းမရှိပါက လွှတ်တော်တွင်း လက်သန်းနိုင်ငံရေးအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး လက်နက်ကိုင်လမ်းစဉ်ဖြစ်တဲ့ လက်ညှိုးတော်လှန်ရေးဘက်သို့ လူငယ်တွေ အားသန်လာမှာကို စိုးရိမ်မိတယ်လို့ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက BBC Media Action ခံစားကြည့်အစီအစဥ်မှာ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဗညားလယ်က ပြောခဲ့ဖူးပါတယ်။
“လူငယ်တွေက အများအားဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားလာတယ် ရွေးကောက်ပွဲကနေတဆင့် သူတို့မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း မရောက်ဘူး ငြိမ်းချမ်းရေးဖြစ်စဉ်တွေကလည်း မဖြစ်ထွန်းလာဘူးဆိုလို့ရှိရင် လက်သန်းအားကိုးတဲ့ လွှတ်တော်တွင်း နိုင်ငံရေးအပေါ် မျှော်လင့်ချက်တွေကင်းမဲ့လာပြီးတော့ လက်ညိုးအားကိုးတဲ့ လက်နက်ကိုင်တော်လှန်ရေးဘက်ကို ပြန်လည်ပြီး အားသန်လာမှာ ကြောက်တာပေါ့နော်၊ အကယ်၍ လက်ညှိုးတော်လှန်ရေးဘက်ကို အားသန်လာရင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့တော့ အများကြီးအလှမ်းဝေးနေကြဦးမှာဖြစ်တယ်”
(မူရင်း Link ကို နှိပ်၍ ကြည့်ပါ)
https://www.facebook.com/khansarkyibbcmediaaction/videos/1215021845558769
လက်ရှိမှာတော့ နိုင်ဗညားလယ်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် သဘောတူလက်မှတ်ရေးထိုးထားတဲ့ မိခင် မွန်ပြည်သစ်ပါတီကနေ ခွဲထွက်သွားပြီလို့ သိရပါတယ်။ သူဟာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) အဖွဲ့ ခေါင်းဆောင် (၂) နေရာကို ဦးဆောင်နေပါပြီ။ လက်ညှိုးအားကိုးတဲ့ မွန်လူငယ်တော်လှန်ရေးသမားတွေကို သူက ကြိုဆိုနေပါတယ်လို့ သတင်းတွေမှာ တွေရပါတယ်။
လက်သန်းနိုင်ငံရေးဘက်ကို မျှော်လင့်ခဲ့ပေမယ့် ကံမကောင်းအကြောင်းမတိုက်ဆိုင်တော့ လက်ညှိုးနိုင်ငံရေးဘက်ကို မလျှောက်ချင်သော်လည်း မသွားမဖြစ် သွားနေရသူတွေကတော့ အုံနဲ့ကျင်းနဲ့ ဒုနဲ့ဒေးနဲ့ အများကြီးပါဘဲ။
စစ်ကောင်စီက MUP ကို နိုင်ငံရေးပါတီတည်ထောင်ခွင့် ငြင်းပယ်တော့မယ်ဆိုတာ နောက်ဆုံးအချိန် ရောက်နေပါပြီ။ ဒါကြောင့် MUP လူငယ်တွေအနေနဲ့ လွှတ်တော်တွင်းကနေ ဖက်ဒရယ်ဒီမိုကရေစီ သွားလိုသော်ငြားလည်း သွားခွင့်မကြုံခဲ့ရင်တော့ လက်ညှိုးနိုင်ငံရေး ကွန်ဖက်ဒရိတ်မွန်နိုင်ငံတော်အထိ ရည်မှန်းချက်ထားပြီး တော်လှန်တိုက်ပွဲဝင်သွားမယ်ဆိုရင် အချိန်မနှောင်းသေးဘူးလို့ အကြံပြုလိုပါတယ်။
နောက်ဆုံး Update သတင်းတစ်ခုအနေနဲ့ “စစ်ကောင်စီဘက်က အင်အား အများအပြား အသုံးပြုပြီး ခုခံကာကွယ်နေတဲ့ ရခိုင်တောင်ပိုင်း ဒေသက သံတွဲတိုက်ပွဲမှာ ခမရ ၅၆၆ ကိုရော၊ သံတွဲ လေဆိပ်ကိုပါ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်လိုက်နိုင်ပြီ” လို့ ဇူလိုင် (၈) ရက် မနေ့က သတင်းထုတ်ပြန်ခဲ့တယ်လို့ မျှဝေလိုက်ရပါတယ်။
*ကွန်ဖက်ဒရိတ်သို့ ရှေးရှုရင်း….