မွန်ပြည်နယ်ထွက် ရော်ဘာများ မကြုံဖူးအောင် ဈေးကောင်းရနေသော်လည်း ဈေးကွက်ပျောက်နေကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
ယခင်က မှိုင်းခံရော်ဘာပြားတစ်ပေါင်လျှင် (၁၉၀၀) ကျပ်သာ ဈေးအများဆုံးဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ ယင်းမှိုင်းခံရော်ဘာပြားတစ်ပေါင်လျှင် ကျပ် (၂၃၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် ရော်ဘာအား အခြားအိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်ပါက အကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း၊ သို့ရာတွင် ပြည်တွင်းရှိ တရုတ်ကုမ္ပဏီများထံကိုသာရောင်းချနေရသည့်အတွက် တခြားနိုင်ငံများထက် အကျိုးအမြတ်နည်းပါးနေကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူများက ဆိုကြသည်။
ကျိုက်မရောမြို့နယ်မှ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူတစ်ဦးက “ဒါပေမယ့် အဝယ်ကမလိုက်ဘူး။ ပြည်တွင်းရောက်နေတဲ့ တရုတ်ကုမ္ပဏီတွေကိုဘဲ ရောင်းနေရတာ။ ပြည်ပထုတ်ရောင်းဖို့ကလည်း နယ်စပ်လမ်းကြောင်းတွေ အကုန်ပိတ်ထားတာရယ်၊ တစ်နယ်နဲ့တစ်နယ်ကို ရော်ဘာသယ်ဆောင်ဖို့က အကန့်အသတ်တွေများနေတော့ ရော်ဘာတွေကို အခြားဈေးကွက်တွေထဲ ပို့မရဘူးဖြစ်နေတယ်” ဟု ပြောသည်။
ရော်ဘာဈေးနှုန်းအမြင့်ဆုံးအနေအထား ဆိုနိုင်သော်လည်း တစ်ဖက်တွင် ရော်ဘာစိုက်ပျိုးရာ၌ ကုန်ကျသည့် ကုန်ကျစရိတ်နှင့် အလုပ်သမားခနှုန်းထားများ မြင့်တက်သွားသည့်အခြေအနေ၊ လက်ရှိ ကုန်ဈေးနှုန်းမြင့်တက်နေမှုအခြေအနေများကြောင့် ရော်ဘာတောင်သူများအနေဖြင့် အကျိုးအမြတ်ရသင့်သလောက်မရကြောင်းလည်း ရော်ဘာစိုက်ပျိုးသူတို့က ဆိုကြသည်။
“လက်ရှိ ပုလဲဝဲတစ်အိတ်က တစ်သိန်းနှစ်သောင်းလောက်ဖြစ်နေပြီး။ အလုပ်သမားစရိတ်ကလည်း မြင့်လာတယ်။ နောက်ပြီးတော့ နယ်မြေလုံခြုံရေးအခြေအနေကြောင့်လည်း ရော်ဘာမခြစ်ရဲကြတော့ အကျိုးအမြတ်က ရသင့်သလောက်မရကြဘူး” ဟု ရေးမြို့နယ်မှ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ပြီးခဲသည့် (၂၀၂၀) ပြည့်နှစ်အထိ မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက (၄၉၈၀၀၀) ကျော်ရှိပြီး၊ တန်ချိန် (၁၂၆၀၀၀) ကျော်ထွက်ရှိခဲ့သော်လည်း စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ရော်ဘာဈေးကွက်ပျက်ကာ တရုတ်နိုင်ငံမှလွဲ၍ အခြား ပြည်ပသို့တင်ပို့ရောင်းချ၍မရခြင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရာ၌ ကုန်ကျစရိတ်ပိုမိုများပြားလာခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ရော်ဘာစိုက်တောင်သူတို့က ပြောသည်။