ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာ မင်္ဂလာဆောင်တွင် ကျွေးမွေးသော ကြက်သားဒံပါက်ထမင်းမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ ကလေး၊ လူကြီး (၁၃) ဦး အရေးပေါ်ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇွန်လ (၈) ရက် မွန်းလွဲ (၁) နာရီခွဲ အချိန်ခန့်က အဆိုပါ မင်္ဂလာဆောင်တွင် ကျွေးမွေးသော ကြက်သားဒံပါက်ထမင်း နှင့် သရက်သီးကုလားတည်များစားသုံးမိ၍ မင်္ဂလာဆောင်သို့ လာရောက်ကြသူ ကလေး၊ လူကြီး (၁၃) ဦးမှာအစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၄င်းက “အစာအဆိပ်သင့်သူတွေက အော့အန်ကြတယ်။ အစာအဆိပ်သင့်သူတွေကိုတော့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ပေးထားပါတယ်။ ကလေးငယ်တွေအပါအဝင် မ (၇) ဦး နှငိ့ ကျား (၆) ဦး စုစုပေါင်း (၁၃) ဦးပါ” ဟု ပြောကြားသည်။
ကျောက်ရေတွင်းကျေးရွာမှ အစာအဆိပ်သင့်သူ (၁၃) ဦးတို့မှာ အစာအဆိပ်သင့်၍ အော့အန်ကြသော်လည်း မစိုးရိမ်ရကြောင်း၊ တချို့မှာ ရောဂါသက်သာ၍ ယခုအခါ ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်ကြောင်း ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။