ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဝင်ဟုဆိုကာ ကျိုက်ထိုမြို့တွင် အမျိုးသားတစ်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးသွားပြန်ကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၄) ရက်နေ့မွန်းတည့် (၁၂) နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ ကြက်တူရွေးလက်ဖက်ရည်ဆိုင်တွင်ရှိနေသည့် ဖက္ကလိပ်ကျေးရွာနေ ကိုမြတ်သူ ဆိုသူအား စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။
“ကိုမြတ်သူကို ဝင်ဖမ်းတာ ရဲရောတပ်ပါ အင်အား (၂၅) ယောက်လောက်ရှိတယ်။ သူက ဖက္ကလိပ်ကျေးရွာမှာ ဆိုင်ကယ်ပြုပြင်ရေးနဲ့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ဆောင်နေသူတစ်ဦးလို့ သိရပါတယ်” ဟု ၎င်းမြို့ခံက ဆက် ပြောသည်။
၄င်း ကိုမြတ်သူ အားမည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မိသားစုဝင်များအနေဖြင့် မသိရသေးကြောင်း၊ မိသားစုနှင့်လည်း အဆက်အသွယ်မရသေးကြောင်း ၎င်းမြို့ခံက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ (၁၃) ရက်နေ့ကကလည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ကော့စနိုင်လူမှုကူညီရေးအသင်းဝင် (၄) ဦးအား PDF ထောက်ပို့အဖြစ်စွပ်စွဲကာ စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
စစ်တပ်မှ နိုင်ငံတော်အာဏာအားသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် လူပေါင်း (၂၆၀၀၀) ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ၎င်းတို့အနက် (၂၀၀၀၀) ကျော်အား ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင်လ (၄) ရက်အစီရင်ခံစာအရ သိရသည်။