မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည်ဟု ယူဆရသည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ရေးသားဖော်ပြသည်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ (ဇူလိုင်လ (၅) ရက်) က နံနက်ပိုင်းက ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် ပစ်ကပ်ထရပ်ကားထဲမှ အဆိုပါ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဆိုထားသည်။
၄င်းပစ်ကပ်ထရပ်ကားထဲမှ အမ် – 4 အမျိုးအစား သေနတ်အလက် (၂၀) ၊ ကျည်ဘောက် (၂၀) ခု၊ မှန်ဘီလူး အခု (၂၀) တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းလက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ ဘန်လင်မြို့ရှိ ထိုင်းနိုင်ငံသားတစ်ဦးထံမှ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသား ယာဉ်မောင်းမှ ထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်မှ တာဝန်ရှိသူ၏ ပြောကြားချက်အား ကိုးကား၍ သတင်းများက ဖေါ်ပြထားကြသည်။
၄င်းလက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်ရန်အတွက် မဲဆောက်မြို့တွင်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦးမှ ထိုင်းဘတ်ငွေ (၂၀၀၀၀) ဖြင့် ငှားရမ်းလာခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ထိုင်းနိုင်ငံသား ယာဉ်မောင်းမှ ထွက်ဆိုထားသည်ဟု ဆိုထားသည်။
ထိုင်း – မြန်မာနယ်စပ်မြို့များတွင် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများနှင့်တူ စစ်သုံးပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ မကြာခဏ ဖမ်းဆီးခံရကြောင်း၊ ယခုဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာနိုင်ငံဘက်သို့ ပို့ရန် ယူဆထားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူက သုံးသပ်ပြောကြားထားသည်။