စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သထုံမြို့နယ်အတွင်းရှိ သာသနိကအဆောက်အဦးများနှင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ – ဗဟို မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၃၀ ရက်နေ့ မွန်းလွဲ (၁) နာရီ (၄၀) မိနစ်ဝန်းအကျင်အချိန်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် (၉) ခြေမြန်တပ်ရင်းမှ လက်နက်ကြီး (၄) လုံးပစ်ခတ်ခဲ့ရာ၊ ဝီယော်ကျေးရွာအုပ်စုအတွင်းရှိ ထုံးဘိုကြီးရွာလေး ကျေးရွာအတွင်း လက်နက်ကြီးကျည် (၁) လုံးကျရောက်ပေါက်ကွဲခဲ့ရာ ယားနော်ရီ၊ ယားမထူး၊ ယားပါဖိုး၊ စောရဲရဲ တို့၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်။
ထို့အပြင် သီလရှင် ဆရာလေး ဓမ္မနန္ဒီ နေထိုင်သည့် သာသနာ့ကျောင်းဇရပ် (၁) လုံး နှင့် တီးဌေးအောင် ပိုင်သော ဆိုင်ကယ် (၁) စီးတို့မှာလက်နက်ကြီးကျည်စ ထိမှန်ပျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ – ဗဟို က ဆိုထားသည်။
သထုံနှင့် ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်ရင်းတပ်ဖွဲ့များမှ ဒေသခံပြည်သူအများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည့် အတွက်ကြောင့် ဒေသခံပြည်သူထောင်နှင့်ချီကာ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင် နေရသည်။
စစ်ကောင်စီလက်အောက်ခံ အမှတ် (၉) ခြေမြန်တပ်ရင်းစခန်းမှာ ကေအဲန်ယူ – သထုံမြို့နယ်၊ ဝင်းပကျေးရွာရှိ ဒေသအခေါ် ဒညှင်းကုန်းရွာတွင် တပ်စွဲထားကြောင်း ကေအဲန်ယူ – ဗဟို ၏ ထုတ်ပြန်ချက်အရ သိရသည်။