တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လဲရှောင်ကျေးရွာအနီး ဇူလိုင်လ (၂) ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ရဲဘော် (၄) ဦးကျဆုံးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
ရေဖြူမြို့နယ်အအတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်အနီးသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးဝင်ရောက်လာရာမှ စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များအကြား ဇူလိုင်လ (၂) ရက်နေ့က မနက်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း၊ PDF ရဲဘော်များမှ စစ်ကောင်စီတပ်၏ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရန် သွားရောက်ချိန်တွင် စစ်ကြောင်းနှင့်တိုးပြီး ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အဲ့ဒီပစ်ခတ်မှုအတွင်းမှ PDF ရဲဘော် (၄) ဦးကျဆုံးခဲ့ရသလို၊ ကားတစ်စီးလည်း ဆုံးရှုံးခဲ့ရပါတယ်“ဟု ၎င်းက ပြောကြားသည်။
ကျဆုံးခဲ့ရသည့် ရဲဘော် (၄) ဦးမှာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) မှ တပ်ဖွဲ့ဝင်များဖြစ်ကြကြောင်းလည်း ၎င်းကဆိုသည်။
ရေဖြူမြို့နယ် လဲရှောင် – ဧကနိ သွားကားလမ်းပေါ်တွင် (DNLA) အဖွဲ့ဝင်များမောင်းနှင်လာသော ကားအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ရာမှ ကားတစ်စီးနှင့်အတူ အလောင်း (၄) လောင်း၊ M – 16 သေနတ် (၃) လက်၊ ကျည်အိမ် (၄) ခု၊ ကျည် (၁၆၅) တောင့်၊ DNLA ယူနီဖောင်း (၄) စုံ၊ ဦးထုတ် (၃) လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီလောင်ဘီတယ်လီဂရမ်ချယ်နယ်များ၏ ဖေါ်ပြထားချက်များအရ သိရသည်။
ယခုဇူလိုင်လဆန်းပိုင်းတွင် ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်အား စိုးမိုးနိုင်အရန်အတွက် စစ်ကောင်စီတပ်မှ စစ်ကြောင်း (၂) ကြောင်းခွဲကာ ဝင်ရောက်လာသည့်အတွက်ကြောင့် ယင်းဒေသအတွင်း နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာလျှက်ရှိကြောင်း၊ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက်ကြောင့် ရေဖြူမြို့နယ်၊ နဘုလယ်တိုက်နယ်ရှိ ကျေးရွာ (၅) ရွာအပြင်၊ ခမောက်ချောင်း၊ ဧကနိ၊ ရငဲ၊ လဲရှောင်၊ ဝက်ချောင်း အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီပြီး နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရကြောင်းလည်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများ၏ ဆိုကြသည်။