ကျိုက်မရောမြို့နယ် ပျားတောင်ဒေသအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူ (၃၀၀၀) ကျော် ထပ်မံစစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်နေ့ညပိုင်းကို စစ်ကောင်စီတပ်မှ တပ်စွဲထားသည့် ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားအနီးရှိ၊ စံပယ်ဂူတောရဘုန်းကျောင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ အဆိုပါ ပျားတောင်ဒေသရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလိုပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“စစ်တပ်က ကော့ဒွန်းနဲ့ ကော့ပနောဘက်ကို လက်နက်ကြီးတွေနဲ့ ပိုပြီးပစ်တယ်။ အဲ့ဒီမှာက PDF ဂိတ်တွေရှိနေတယ်လေ။ နောက်ပြီး လေယာဉ်လည်းမကြာခဏဝဲနေတော့ ဗုံးကြဲချမှာလည်း ကြောက်နေကြရလို့ ဒေသခံတွေ ထပ်ပြီး စစ်ဘေးရှောင်နေကြရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ပျားတောင်ဒေသရှိ ကော့ဒွန်း၊ ကော့ပနောကျေးရွာအပြင်၊ ကော့ဝမ်း၊ ဝါးငဲ့၊ ကွမ်ငန်း၊ မယ်ဂရို နှင့် ကတုံစိ အစရှိသည့်ကျေးရွာများ ဒေသခံပြည်သူများက ယခုအခါ ထပ်မံ၍ နေရပ်စွန့်ခွာထက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း၊ ယင်းဒေသခံပြည်သူများမှာ ပြီးခဲ့သည့် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေခဲ့ကြရပြီးနောက်၊ မိမိတို့၏ ရပ်ရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်နေကြသူများဖြစ်ကြကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားအဆင်း ကော့ဒူးကျေးရွာလမ်းဆုံမှ ကြာအင်းဆိပ်ကြီးမြို့အထိ ဗိုလ်မှူးကြီးအယ်ဆေးဝါးလက်အောက်ခံ PDF အဖွဲ့များနှင့် DKBA ဗျူဟာ – ၂ လက်အောက်ခံ ဗိုလ်မှူးကြီးအေဝမ်း လက်အောက်ခံတပ်ဖွဲ့များ ထိန်းချုပ်ထားကြောင်း သတင်းများက ဖော်ပြနေသည်။
Crd-ဓါတ်ပုံအဟောင်းများ ဖြစ်ပါသည်။