ရုပ်ရှင်မင်းသမီးပိုးကြာဖြူဓါတ်ပုံဖြင့် ရတနာ PK TUN Facebook အကောင့်မှ ရွှေထည်ပစ္စည်းဝယ်ယူခဲ့သည့် မွန်အမျိုးသမီးတစ်ဦးသည် Kpay ငွေလွှဲပေးပြီးကာမှ မိမိအလိမ်ခံလိုက်ရသည်ကို သိရှိလိုက်ရကြောင်း ကောင်းဝါသို့ ဆက်သွယ်ပြောကြားခဲ့သည်။
၄င်းက “Kpay အကောင့်ကနေ ငွေလွှဲပေးပြီးတော့မှ ကျမအကောင့်ကို ဟိုဘက်ကနေ ဘလော့လိုက်တယ်၊ ဒီတော့မှ အလိမ်ခံရမှန်း နားလည်သွားပါတယ်၊ Online ပေါ်ကဟာတွေ အစစ်အမှန်လို့ ထင်ခဲ့တာကိုး၊ ကံကောင်းလို့ ငွေ ၁၀ သိန်းဘဲ ပါသွားတာ” ဟု ပြောသည်။
လက်ရှိတွင် PK TUN စသည့် အမည်နာမအမျိုးမျိုးဖြင့် ရတနာရောင်းဝယ်ရေး၊ ထိုင်းဘတ်ငွေချေးငွေလုပ်ငန်း၊ အသေးစားချေးငွေလုပ်ငန်း၊ အာမခံချေးငွေနှင့် ရွှေထည်ပစ္စည်းရောင်းဝယ်ရေး စသည် Facebook အကောင့်ပေါင်း ၁၀၀ ကျော် Online ပေါ်တွင် တွေ့ရှိနေရသည်။
ထိုင်းနိုင်ငံမှ မွန်အမျိုးသမီးတစ်ဦးကလည်း “Online ပေါ်မှာ အင်္ကျီ ၂ ထည်ဝယ်ဖို့ ဘတ် ၄၀၀ လွှဲပေးလိုက်တယ်၊ ပြီးတော့ ကျမအကောင့်ကို ဟိုဘက်က ဘလော့လိုက်တယ်၊ ဒီတော့မှ အလိမ်ခံရမှန်း နားလည်သွားတယ်” ဟု ဆိုသည်။
ယခုအခါ Online ကျားဖြန့်လုပ်ငန်းအမျိုးမျိုတွင် မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင် နေကြသဖြင့် သားကောင်အဖြစ် မြန်မာနိုင်ငံသားများကို ရွေးချယ်လာကြပြီး အဆင်ပြေမည့် လိမ်နည်းအမျိုးမျိုးကိုလည်း ချဲ့ထွင်လာကြောင်း လေ့လာသူတစ်ဦးက ဆိုသည်။
၄င်းက “Online ပေါ်မှာ သူတို့ ဥာဏ်ချဲ့နိုင်သလောက် ပုံစံအမျိုးမျိုးနဲ့ လိမ်နေကြတာပဲ၊ ရိုးသားတဲ့ တောသူတောင်သားတွေကတော့ သူတို့ကြိုက်တဲ့ မင်းသမီးပုံတွေ့ရင် အဲမင်းသမီး ရောင်းနေတာပဲ ထင်နေတာ၊ အကောင့်တုမှန်း လွယ်လွယ်နဲ့ နားမလည်နိုင်ပါဘူး၊ တခါနှစ်ခါ အလိမ်ခံရပြီးတော့မှ သဘောပေါက်သွားကြတာ” ဟု ပြောသည်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၂၉၅ ဦးနှင့် မြန်မာ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။