ကျိုက်မရောမြို့နယ်ရှိ စစ်ဘေးဒဏ်သင့် ဓမ္မသကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်နေ့က စားနပ်ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့လှူဒါန်းခဲ့သည်။
မွန်ရဟန်းသံဃာတော်အဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Mon Humanitarian Support Alliance က ဓမ္မသကျေးရွာမှ မီးလောင်သွားခဲ့ရသည့် နေအိမ် (၁၄၅) လုံးစာအတွက် တစ်အိမ်လျှင် ကျပ်ငါးသိန်းအပြင် စားနပ်ရိက္ခာများကိုလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျနော်တို့အနေနဲ့က ဒုက္ခရောက်နေကြသူတွေကို အတတ်နိုင်ဆုံးကူညီမယ်။ သူတို့လုပ်ချင်တာကို ဝိုင်းပြီး ပံ့ပိုးပေးမယ်။ သူတို့ရွာကို ပြန်လာခြင်း၊ မပြန်လာခြင်းကတော့ သူတို့ရဲ့သဘောဆန္ဒပါဘဲ။ ရွာကိုပြန်လာပြီးတော့ နေအိမ်တွေ ပြန်လည်ဆောက်လုပ်တာမျိုး၊ ပြုပြင်တာမျိုး လုပ်ဆောင်မယ် ဆိုရင်တော့ ပံ့ပိုးပေးသွားမယ့်သဘောမျိုးနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်ဘေးဒဏ်ကြောင့် နေအိမ်များ မီးလောင်ပျက်စီမှုများဖြစ်ပွားခဲ့သည့် ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာ နှင့် ဓမ္မသကျေးရွာရှိ ဒေသခံပြည်သူများအတွက် အိမ်ခြေ (၆၆) လုံးစာ ထောက်ပံ့လှူဒါန်းခဲ့သေးကြောင်း သိရသည်။
မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေဖြင့် စစ်ဘေးဒဏ်ရာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည့် မိသားစုများအား မိမိတို့ရပ်ရွာများသို့ ပြန်လာကြရန် တိုက်တွန်းခြင်း မရှိခဲ့ကြောင်း၊ သို့သော်လည်း မိမိရပ်ရွာများသို့ ပြန်လာပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ဆောင်လိုပါက မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ဝိုင်းဝန်းပံ့ပိုကူညီဆောင်ရွက်ပေးသွားမည်ဟု ၎င်းကဆိုသည်။
လတ်တလော ကျိုက်ရောမြို့နယ် ဂျိုင်းမြစ်ဝှမ်းအတွင်း တိုက်ပွဲကြီးများဖြစ်ပွားခြင်းမရှိသော်လည်း မကြာခဏ ပစ်ခတ်မှုများရှိနေသေးသည့်အတွက် နေရပ်စွန့်ခွာစစ်ဘေးရှောင် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာများသို့ ပြန်လာရန် မဝံ့မရဲဖြစ်နေကြဆဲဖြစ်ကြောင်း တရနာကျေးရွာမှ စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောကြားသည်။
“အရင်ကထက် ရွာကိုပြန်လာကြတယ်။ ဒါပေမယ့် ပစ်တာခတ်တာတွေရှိနေကြဆဲဖြစ်တော့ တချို့လည်း ပြန်ထွက်သွားကြတာမျိုးတွေလည်းရှိပါတယ်။ အဓိကက လုံခြုံရေးအခြေအနေပေါ်မူတည်ပါတယ်။ လုံခြုံရေးအခြေအနေကောင်းမှဘဲ ဒေသခံတွေလည်း ပြန်လာနိုင်ကြမှာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မတ်လ (၂၇) ရက်နေ့တွင် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအတွင်း စစ်ကောင်စီ လက်အောက်ခံ ရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ် (၃၀၀) ကျော် မီးလောင်ပျက်စီးခဲ့ရသည့်အပြင်၊ တရနာကျေးရွာအနီးရှိ ကျွန်းကုန်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၅၀) ခန့်မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့ပြင် ဧပြီလအတွင်းက စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများကြောင့် ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း ကျောင်းထိုင်ဆရာတော်တစ်ပါးအပါအဝင် အရပ်သား (၃၀) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည့်အပြင် ဂျိုင်းမြစ်ဝှမ်းအနောက်ဘက်ကမ်းတလျှောက်ရှိ ကော့ဘိန်းကျေးရွာနှင့် ဆက်စပ်နေသည့် ကော့ပေါက်၊ ကော့ပလိုင်၊ ကော့မိတ်၊ ဓမ္မသ၊ သံကလောင်၊ ကျွန်းကုန်း၊ တရနာ၊ ကော့သိပ်၊ ကော့စွယ် အစရှိသည့် ကျေးရွာများမှ ကျေးရွာဒေသခံပြည်သူ (၅၀၀၀၀) ကျော်မှာလည်း နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရသည်။
Photo: Mi Su Mon, ဇာနဲဥူ