လူထုထောက်ခံမှု အားကောင်းသော ရခိုင်အမျိုးသားပါတီ (ANP) အား မှတ်ပုံတင်ခွင့်မပြုကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယမန်နေ့ ဇူလိုင်လ (၁) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
လူထုထောက်ခံမှု အားကောင်းပြီး ပြည်နယ်အတွင်း အားကောင်းသော ပါတီကို မှတ်ပုံတင်ခွင့် ငြင်း ပယ်လိုက်ခြင်းက လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မေးခွန်းထုတ်စရာများ မလိုတော့ပြီဟု အမည်မဖော်လိုသော မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
၄င်းက “ပြည်နယ်အသီးသီးက အင်အားကောင်းတဲ့ ပါတီတွေကို ရွေးကောက်ပွဲမကျင်းပမီကတည်းက စစ်ကောင်စီဘက်က ကြိုတင်ပြီး ဖြိုထားမယ့်ပုံစံပဲ၊ ဒါဆို စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက ဘာလဲ ဘယ်လဲ မေးခွန်ထုတ်စရာတောင် မလိုတော့ပါဘူး၊ လယ်ကွင်းပြင်မှာ ဆင်ပြောင်ကြီးသွားနေသလိုပါဘဲ၊ ဒီအတိုင်းဆို MUP ပါတီကိုလည်း မှတ်ပုံတင်ငြင်းပယ်သွားမှာ သေချာသလောက်ရှိနေပြီ” ဟု ယူဆသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ – ၂၅ အရ ပါတီဆက်လက်တည်ထောင်ခွင့် ပြုပါရန် ရခိုင်အမျိုးသားပါတီ (ANP) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရသည့်ဟု ဆိုထားသည်။
ရခိုင်အမျိုးသားပါတီ (ANP) မှာ ရခိုင်ပြည်နယ်အတွင်း လူထုထောက်ခံမှုအားကောင်းသော ပါတီဖြစ်သည့်အပြင်၊ (၂၀၁၅) ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အပါအဝင်ကြားဖြတ်ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေအများဆုံး အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားအခြေပြု နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်သည်။