ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိကမြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့ဘက်သို့ ဖြတ်သန်း သွားလာနေကြသည့် မော်တော်ယာဉ်များအား ကော့ကရိတ်မြို့အတွင်းမှ ဖြတ်သန်းသွားလာခွင့်ပြု ထားပြီး လမ်းကြေးများ အဆမတန်ပေးဆောင်နေရကြောင်း ကားသမားများက ညီးတွားပြောဆို နေကြသည်။
ကားသမားတစ်ဦးက “ခု ကားတွေကို ကော့ကရိတ်မြို့တွင်းက ပေးဖြတ်တော့ အဆင်ပြေပါတယ်။ အတက်တစ်ရက် အဆင်း တစ်ရက်ပေါ့ ၊အဆင်မပြေတာက လမ်းဂိတ်ကြေးတွေ ပိုကုန်တာပါဘဲ။ ယခင်ထို့ကော်ကိုး လမ်းက သွားရတုန်းက မြ၀တီ-မော်လမြိုင် အတက်အဆင်းကို လမ်းဂိတ်ကြေး ၁ သိန်းခွဲ ကုန်တယ်။ လမ်းဟောင်းကစပြီးသွားခွင့်ရတော့ အသွားအပြန်ကို သုံးသိန်းခွဲကျော်ကုန်တယ်။ ခု ကော့ကရိတ်မြို့ထဲက ဖြတ်ခွင့်ရတော့ လမ်းကောင်းပေမဲ့ လမ်းဂိတ်ကြေးက ၆သိန်းလောက် ကုန်ကျပါတယ်” ဟု ပြောသည်။
လက်ရှိ ကော့ကရိတ်မြို့အတွင်းမှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားသည့်အတွက် မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းမှ အတက်တစ်ရက်၊ အဆင်းတစ်ရက် သွားလာနေကြရသော်လည်း သွားရေးလာရေး အဆင်ပြေသွားကြောင်း ခရီးသည်တင်ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။
၄င်းက “အရင် ထို့ကော်ကိုးလမ်းကသွားရတုန်းက မော်လမြိုင်ကနေ မြဝတီကို လမ်းကြေး တစ်သိန်းခွဲ လောက်ကုန်ကျတယ်။ ဒေါနတောင်ကျော်လမ်းဟောင်းပြန်ဖွင့်တော့ လမ်းကြေးက သုံးသိန်းခွဲလေက် ကုန်ကျသွားတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့ကစလို့ ကော့ကရိတ်မြို့ထဲကနေ ဖြတ်ခွင့်ရတဲ့ နောက်ပိုင်း ဒေါနတောင်ကျော်လမ်းဟောင်းကနေလာတာ လမ်းကြေးဘဲ ခြောက်သိန်းလောက်ကုန်ကျတယ်။ ခရီးသည်တွေဘဲတင်ပြီးသွားရင် မကိုက်တော့ဘူး။ ကုန်ပစ္စည်းတွေပါမှဘဲ ကိုယ့်အတွက်နည်းနည်းကျန်တယ်” ဟု ပြောကြားသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြဝတီ – ကော့ကရိတ် အာရှလမ်းသစ် နှင့် မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်း တို့အား ပိတ်ထားခဲ့ရပြီး ယခုနှစ် မေလ (၂၈) ရက်နေ့မှသာ မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း နှင့် ဇွန်လ (၂၈) ရက်နေ့မှစတင်ကာ ကော့ကရိတ်မြို့အတွင်းမှ မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။