သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမတ – ၃၁၀ အမြာက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ရေကျော်ကျေးရွာရှိ ဓမ္မဒူတဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကိုရင်တစ်ပါး ပျံလွန်တော်မှုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့ ညနေ (၄) နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက်၊ အမတ – ၃၁၀ အမြောက်တပ် မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးတစ်လုံးက ရေကျော်ကျေးရွာမှာရှိတဲ့ ဓမ္မဒူတဘုန်းတော်ကြီးကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ အဲ့ဒီမှာ အသက် (၁၀) နှစ်အရွယ် စာသင်သားကိုရင်လေး ရှင်သုစိတ္တ နဲ့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလာရောက်လုပ်ကိုင်ပေးနေတဲ့ အသက် (၄၉) နှစ်အရွယ် ဒေါ်သီတာချို တို့နှစ်က လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့် ရှင်သုစိတ္တ နှင့် ဒေါ်သီတာချို တို့နှစ်ဦးအား သိမ်ဇရပ်မြို့ရှိ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးထားစဉ် ယင်းနေ့ ည (၆) နာရီအချိန်ခန့်တွင် ရှင်သုစိတ္တမှာ ရရှိထားသည့် ဒဏ်ရာများကြောင့် ပျံလွန်တော်မူခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့က သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာအတွင်းသို့ စစ်ကောက်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သံဃာတော် (၂) ပါး အပါအဝင် (၄) ဦး၊ နေအိမ် (၁) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ဆောင်ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။